ရန်ကုန်၊ မေ ၂၉
သမ္မတ ရာထူးကို ရယူပြီးနောက် ပထမဆုံး ပြည်ပရီးစဉ်အဖြစ် မင်းအောင်လှိုင်ဟာ မေ ၂၈ ရက်မှာ အိန္ဒိယသို့ ၅ ရက်ကြာ လာရောက်မှာ ဖြစ်ကြောင်း နယူးဒေလီ အစိုးရက ပြောပါတယ်။
မဝေးလှတဲ့ အနာဂတ်မှာ အိန္ဒိယသို့ သွားရောက်မှာ ဖြစ်ကြောင်း မေ ၂၈ ရက်က ကြေညာခဲ့တဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက မင်းအောင်လှိုင်နဲ့အတူ ဝန်ကြီးတွေနဲ့ တခြား အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ လိုက်ပါသွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
အဲဒီ ခရီးစဉ်ဟာ မေ ၃၀ ရက်ကနေ ဇွန် ၃ ရက်အထိ ကြာမြင့်မှာ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
မြန်မာ စစ်ခေါင်းဆောင်ဟောင်းဟာ အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး စီးပွားရေး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း နှစ်နိုင်ငံလုံးက ပြောထားပါတယ်။
အိန္ဒိယ သမ္မတ ဒရိုပါဒီ မာမူနဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားတယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ ခရီးစဉ်ကြောင့် နှစ်နိုင်ငံကြား နေရာများစွာမှာ ဆက်ဆံရေး နောက်ထပ် အားကောင်း၊ နက်ရှိုင်းလာစေဖို့ မျှော်လင့်ကြောင်း နယူးဒေလီက ပြောပါတယ်။
မင်းအောင်လှိုင်ဟာ သမ္မတအဖြစ် ဧပြီလက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး စစ်တပ် အာဏာသိမ်းမှုနဲ့ အတူ အာဏာ ရယူပြီးနောက် ၅ နှစ်အကြာ အရပ်ဖက် ရာထူးနဲ့ သူ့ရဲ့ အာဏာကို ဆက်လက် ရယူထားတယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်ဦးစီးချုပ်အနေနဲ့ သူဟာ ၂၀၂၁ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံ အစိုးရကို ထုတ်ပယ်ခဲ့ပြီး လူထုထောက်ခံမှု အားကောင်းလွန်းတဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကို ဖမ်းဆီးထားပါတယ်။
စစ်တပ်က ၅ နှစ်ကြာ ထိန်းချုပ်ထားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပပြီးနောက် သမ္မတနေရာကို မင်းအောင်လှိုင်ရယူခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ အိမ်နီးချင်းတွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ တခြား နိုင်ငံပေါင်း ၂၀ လောက်က ကိုယ်စားလှယ်တွေပဲ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ရလဒ်ကို အာဆီယံနဲ့ ဒီမိုကရေစီနိုင်ငံတွေက အသိအမှတ် မပြုဘဲ ထားတဲ့ အချိန်မှာ တရုတ်နဲ့ အိန္ဒိယက သူဦးစီးခဲ့တဲ့ စစ်တပ်ကို အကူအညီတွေ အများကြီး ပေးနေပြီး ပြည်တွင်းစစ် ပြင်းထန်နေချိန်မှာ အိန္ဒိယ-မြန်မာ ရေတပ်ချင်း ဆက်ဆံရေး တိုးမြှင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အိမ်နီးချင်း ဒီမိုကရေစီ နိုင်ငံကြီး တစ်နိုင်ငံအနေနဲ့ အိန္ဒိယဟာ ဆိုးရွားလွန်းတဲ့ ရာဇဝတ်မှုတွေ အများကြီး ကျူးလွန်ထားပြီးမှ သမ္မတ ရာထူးကို ရယူထားသူ မင်းအောင်လှိုင်ကို အသိအမှတ်ပြုထားပါတယ်။
မင်းအောင်လှိုင်ရဲ့ နယူးဒေလီ ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြဖို့ အိန္ဒိယရှိ မြန်မာ အဖွဲ့အစည်းတွေ ပြင်ဆင်ထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံ့စီးပွားရေး ပြိုလဲနေချိန် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ စီးပွားရေး သဘောတူညီမှုတွေ ရယူဖို့ အဓိက ဖြစ်နိုင်ပြီး သူ သမ္မတ ဖြစ်ကြောင်း ပြည်ပနိုင်ငံ တစ်နိုင်ငံကို သွားရောက်ပြီး အသိအမှတ်ပြုခံချင်တာလည်း ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
Ref:AFP

