တာ့ခ်၊ မေ ၂၉

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ်(၂)နဲ့ မဲဆောက်ရှိ နယ်စပ် အမြဲတမ်း စစ်ဆေးရေးဂိတ်ကို ၁၀ လကြာ ပိတ်ထားခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မေ ၂၈ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

နှစ်ဖက်စလုံးရဲ့ လုံခြုံရေး အရာရှိတွေက အရှေ့တောင်အာရှရဲ့ ဖြတ်သန်းသွားလာမှု အများဆုံး ကုန်းလမ်းဂိတ်တွေထဲက တစ်ခုကို ဖြတ်ပြီး ကုန်သွယ်ရေး ပြန်စဖို့ လမ်းကြောင်း ရှင်းလင်း ပေးခဲ့ကြ ပါတယ်။

မဲဆောက်ဒေသ သာဆိုင်လွတ် ဒေသခွဲ၊ မူ ၇၊ ဘန်ဝန်တာခီယန်တိုင်ရှိ စစ်ဆေးရေးဂိတ်ကို မြဝတီ တိုက်ပွဲတွေကြောင့် ၂၀၂၅ နှစ်လယ်ပိုင်း ကတည်းက မြန်မာဖက်က ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ပိတ်ထားမှုကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ တာ့ခ်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မြန်မာဖက်ခြမ်းက မြဝတီ အမှတ်-၂ စစ်ဆေးရေးဂိတ်မှာ နှစ်နိုင်ငံ အရာရှိတွေ တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့စွာ ပြီးဆုံးခဲ့ပါတယ်။’

အဲဒီနောက် အချိန်တိုအတွင်းမှာပဲ ပထမဆုံး ထိုင်း ကုန်တင်ကား တစ်စီး တံတားကို ဖြတ်ပြီး မြဝတီမြို့သို့ သွားရောက်ကာ ကုန်စည်တွေ ပို့ဆောင်ချထားပေးခဲ့ပါတယ်။

အဲဒီ လမ်းကြောင်း ပြန်လည် ဖွင့်လှစ်ရေး လများစွာကြာ စောင့်ဆိုင်းနေခဲ့ကြတဲ့ ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေကတော့ ပြုံးပျော်နေကြတယ်လို့ ဆိုပါတယ်။

မဲဆောက် အကောက်ခွန် အကြီးအကဲ ယော့ပွန် ဝီချာယာကူလ်က ထိုင်းအာဏာပိုင်တွေအနေနဲ့ နယ်စပ် ဖြန်သန်းရေး လုပ်ငန်းစဉ်အတွက် ဌာန အားလုံး ရာနှုန်းပြည့် အဆင်သင့် ပြင်ဆင်ထားခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ မြန်မာဖက်ခြမ်းမှာ လျှပ်စစ်ဓာတ်အား မတည်ငြိမ် ဖြစ်နေဆဲ ဖြစ်တယ်လို့ သူက ထောက်ပြပြီး ထိုင်းက လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားတာကြောင့် မြဝတီ စစ်ဆေးရေး ဂိတ်ဟာ လောလောဆယ် ဆိုလာစနစ် အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

မြန်မာ အရာရှိတွေက သူတို့ရဲ့ စစ်ဆေးရေး စနစ်တွေ ရာနှုန်းပြည့် လည်ပတ်နိုင်ရေး အဲဒီ စစ်ဆေးရေးဂိတ်သို့ လျှပ်စစ်ဓာတ်အား ပြန်ပေးဖို့ ထိုင်းကို တောင်းဆိုထားပါတယ်။

တစ်လအတွင်း လုပ်ငန်းစဉ် အပြည့်အဝ ပြန်လည် လည်ပတ်နိုင်မယ်လို့ နှစ်နိုင်ငံ အရာရှိတွေက မျှော်လင့်ထားကြပါတယ်။

မေ၂၈ ရက်က ပြန်လည် ဖွင့်လှစ်တာဟာ စစ်ဆေးရေးဂိတ် နှစ်ခုစလုံးရဲ့ စနစ်တွေကို စမ်းသပ်ဖို့ အစမ်း ဖွင့်လှစ်တာ ဖြစ်ပြီး အချိန်အကြာကြီး ပိတ်ထားခဲ့ပြီးနောက် မြန်မာဖက်ခြမ်းက ကျန်ရှိနေသေးတဲ့ နည်းပညာ ပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်တာကြောင့် ပို့ကုန်တွေ၊ သွင်းကုန်တွေ ပြန်လည် စီးဆင်းလာမယ်လို့ မျှော် လင့်ရပြီး ဒေသတွင်း ပို့ဆောင်ရေး လုပ်ငန်း ပြန်လည် အသက်ဝင်လာမယ်လို့ ထိုင်း အကောက်ခွန် အရာရှိတွေက ပြောပါတယ်။

တာ့ခ်ပြည်နယ်ရှိ ပိုကျယ်ပြန့်တဲ့ နယ်စပ် စီးပွားရေးကို အားဖြည့်ပေးနိုင်ဖို့လည်း ထိုင်းအရာရှိတွေက မျှော်လင့်ထားပါတယ်။

Ref:khaosodenglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.