ဒူဘိုင်း၊ မေ ၂၈
ဘန်ဒါ အဘတ်စ် လေဆိပ်အနီး အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် လေတပ်အခြေစိုက် စခန်း တစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က မေ ၂၇ ရက်မှာ ပြောပါတယ်။
IRGC က ဘယ်နေရာမှာရှိတဲ့ အမေရိကန် လေတပ် အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သလဲ ဆိုတာ မပြောပေမယ့် ကူဝိတ်ရှိ စခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အမေရိကန်ရဲ့ ရန်လို တိုက်ခိုက်မှုတွေကို ပိုမို ပြတ်သားစွာ တုံ့ပြန်သွားမှာ ဖြစ်ပြီး ရန်စသူတွေ တာဝန်ခံရမှာ ဖြစ်တယ်လို့ အီရန်က ပြောပါတယ်။
အမေရိကန်က အီရန်ကို နောက်ထပ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး စစ်ဖက်ဆိုင်ရာ အဆောက်အဦ တစ်ခုကို ပစ်မှတ်ထားခဲ့သလို အီရန် ဒရုန်းတွေကို ပစ်ချခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောဆိုပါတယ်။
ဒီလို အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်က ကူဝိတ်ရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဟောမု့ဇ် ရေလက်ကြားအနီး အန္တရာယ်ပေးနိုင်တဲ့ အီရန်ရဲ့ တစ်ခါသုံး တိုက်ခိုက်ရေး ဒရုန်း လေးစီးကို အမေရိကန် ဗဟိုကွပ်ကွဲရေး တပ်ဖွဲ့က ပစ်ချခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။
ပဉ္စမမြောက် ဒရုန်း လွှတ်တင်ဖို့ စီစဉ်နေတဲ့ ဘန်ဒါ အဘတ်စ် လေဆိပ်အနီး အီရန် မြေပြင် ထိန်းချုပ်ရေး စခန်းကို အမေရိကန်က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
အမေရိကန်ရဲ့ အဲဒီ တိုက်ခိုက်မှုတွေဟာ ကာကွယ်ရေး သက်သက်အတွက် ဖြစ်ပြီး အပစ်အခတ်ရပ်စဲမှုကို ထိန်းသိမ်းဖို့ ရည်ရွယ်ထားတယ်လို့ အရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ကူဝိတ်ရှိ အမေရိကန် လေတပ် အခြေစိုက်စခန်းကို အီရန် စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ အီရန် အစိုးရပိုင် IRIB က နှစ်နာရီအကြာမှာ ကြေညာခဲ့ပါတယ်။
ရန်သူတွေရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို မိမိတို့လေကြောင်း ကာကွယ်ရေးစနစ်က ကြားဖြတ် ပစ်ချခဲ့ရတယ်လို့ ကူဝိတ် စစ်တပ်က အတည်ပြုပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘော လေးစီးကိုလည်း အီရန်စစ်တပ်က ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အီရန် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အီရန်အနေနဲ့ သဘောတူညီမှု မရယူဘူးဆိုရင် မိမိတို့အနေနဲ့ ပြန်လည် တိုက်ခိုက်ပြီး ကိစ္စပြီးအောင် လုပ်ဆောင်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သတိပေးထား ပါတယ်။
Ref:Reuters

