ဂျီနီဗာ၊ မေ ၂၈
လာမယ့် ၅ နှစ်အတွင်း ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန် စံချိန်တင်နီးပါး မြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂ ရာသီဥတု အေဂျင်စီနဲ့ ဗြိတိန် မိုးလေဝသရုံးရဲ့ မေ ၂၈ ရက် အစီရင်ခံစာ တစ်ရပ်မှာ ဖော်ပြထားပါတယ်။
အာတိတ်ဒေသရဲ့ အပူချိန်ဟာ တခြား ဒေသတွေထက် ပိုမို ပူနွေးလာမယ်လို့ မျှော်လင့်ရကြောင်းလည်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အပူချိန်နဲ့ မိုးရေချိန်အတွက် ဒေသဆိုင်ရာ ကြိုတင်ခန့်မှန်းချက်တွေကို ဖော်ပြတဲ့ အဲဒီ နှစ်စဉ် အစီရင်ခံစာက ကမ္ဘာ့မျက်နှာပြင်အနီး အပူချိန်ဟာ ၁ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်စ်နဲ့ ၁ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်စ်ကြား ရှိမှာ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါဟာ ၁၈၅၀-၁၉၀၀ ကြား စက်မှုခေတ် မတိုင်ခင်ကာလက အပူချိန်ထက် မြင့်မားတဲ့ အပူချိန် ဖြစ်ပါတယ်။
ရာသီဥတု ပူနွေးလာနေပြီး ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ အပူချိန်ဟာ ဆက်လက် မြင့်တက်လာမယ်ဆိုတဲ့ ရှင်းလင်းတဲ့ အထောက်အထား ရှိနေတယ်လို့ ဗြိတိန် မိုးလေဝသရုံး သုတေသန သိပ္ပံပညာရှင် မလစ်ဆာ ဆီးဘရုတ်က ရိုက်တာ သတင်းဌာနသို့ ပြောပါတယ်။
၂၀၁၅ ပါရီ သဘောတူညီမှုအရ အစိုးရအဖွဲ့တွေက ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ အပူချိန် မြင့်တက်မှုကို စက်မှုခေတ် မတိုင်ခင် အဆင့်ထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် မပိုအောင် ကြိုတင် ကာကွယ်ရေး ကြိုးပမ်းဖို့ ကတိပြုခဲ့ကြပါတယ်။
ကမ္ဘာ့အပူချိန် အဲဒီအဆင့်ထက် ကျော်လာရင် ပြင်းထန်တဲ့ ရာသီဥတု ဖြစ်ရပ်တွေ ဖြစ်ပေါ်မှု ပိုများလာနိုင်ပါတယ်။
၂၀၂၆ နဲ့ ၂၀၃၀ ကြားကာလမှာ ၁၈၅၀-၁၉၀၀ ကာလ ပျမ်းမျှ အပူချိန်အထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် အနည်းဆုံး တစ်နှစ် ယာယီပိုမို မြင့်တက်နိုင်ဖို့ အရမ်း ဖြစ်နိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၆ နဲ့ ၂၀၃၀ ကြားထဲ နှစ်တစ်နှစ်မှာ ပျမ်းမျှ ကမ္ဘာ့အပူချိန်ဟာ စံချိန်တင် အပူနွေးဆုံး နှစ် ဖြစ်နိုင်ပြီး ၂၀၂၄ က အပူချိန် ၁ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ထက်ကျော်လွန်မှုထက် ပိုမြင့်ထားနိုင်တယ်လို့လည်း ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ယာယီ ကျော်လွန် ပူပြင်းခဲ့မယ်ဆိုရင်လည်း ပါရီ သဘောတူညီမှု မအောင်မြင်ဘူးဆိုတဲ့ သဘောမဟုတ်ဘူးလို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
လာမယ့် ၅ နှစ်အတွင်း ကမ္ဘာ့ မြောက်ပိုင်းမှာ အာတိတ်ဒေသရဲ့ ဆောင်းရာသီ အပူချိန်ဟာ ၃ ဆခွဲကျော် မြင့်တက်လာမယ်လို့ မျှော်လင့်ရပါတယ်။
လာမယ့် ဆယ်စုနှစ် ထက်ဝက်အတွင်း အာတိတ် ရေပြင် ရေခဲထုဟာ မတ်လမှာ အရည်ပျော်မယ်လို့ မျှော်လင့်ရပါတယ်။
အာတိတ်ဒေသ ပူနွေးလာမှုကြောင့် ရာသီဥတု စနစ်တွေ အနှောင့်အယှက် ဖြစ်ပြီး ပိုမို ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် ကမ္ဘာ့ မြောက်ပိုင်းဒေသတွေမှာ ရာသီဥတု အခြေအနေတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ ဆီးဘရုတ်က ပြောပါတယ်။
အခုနှစ် ဆောင်းရာသီမှာ အားကောင်းတဲ့ အယ်လ်နီညို ရာသီဥတု ဖြစ်လာမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်အထိ ကြာမြင့်နိုင်တာကြောင့် အပူချိန် စံချိန်တင် မြင့်တက်လာနိုင်ပါတယ်။
Ref:Reuters

