လန်ဒန်၊ မေ ၂၈

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရာနှုန်းပြည့် ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှား စစ်သား ၅ သိန်းနီးပါး သေဆုံးသွားပြီ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။

GCHQ ညွှန်ကြားရေးမှူး အန်နီ ကက်စ်ဘာတလာက သူ့ရဲ့ ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်း အတွင်း အဲဒီ အရေအတွက်ကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန် ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကိုလည်း သူက ဖော်ပြပြီး အဲဒီ အန္တရာယ်တွေကို တားဆီးဖို့ လိုအပ်တယ်လို့ သူယုံကြည်ထားတဲ့ အစီအစဉ်တွေကိုလည်း ချပြခဲ့ပါတယ်။

ရုရှားဟာ ဗြိတိန်မြေပေါ်မှာ လျှို့ဝှက်ထောက်လှမ်းဖို့ အကြံအစဉ်တွေ အများကြီး ရှိခဲ့ကြောင်း၊ ဗြိတိန်နဲ့ တခြား နေတိုး အဖွဲ့ဝင်နိုင်ငံတွေကို မကြာသေးခင်က ကြေညာမှုမရှိဘဲနဲ့ နှစ်မျိုးပေါင်း စစ်ပွဲ ဆင်နွှဲခဲ့တယ်လို့ ဗြိတိန် ထောက်လှမ်းရေး အကြီးအကဲက ပြောပါတယ်။

ကိဗ်နဲ့ မော်စကိုတို့ နှစ်ဖက်စလုံးက တခြား တစ်ဖက်ရဲ့ ဆုံးရှုံးမှုတွေကို ပုံမှန် ဖော်ပြနေကြ ပေမယ့် သူတို့ ကိုယ်တိုင်ရဲ့ ဆုံးရှုံးမှုတွေကို ဖော်ပြဖို့ တွန့်ဆုတ်နေကြပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီက သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းအနေနဲ့ ၂၀၂၂ နောက်ပိုင်း စစ်သား ၅၅၀၀၀ ဆုံးရှုံးသွားပြီလို့ ပြောဆိုခဲ့ပါတယ်။

ဘီဘီစီ သတင်းဌာနက ပြုစုထားတဲ့ စာရင်းတွေအရ ယူကရိန်းမှာ ရုရှားအတွက် တိုက်ခိုက်ရင်း သေဆုံးသွားခဲ့တဲ့ စစ်သားနဲ့ အရာရှိ စုစုပေါင်း ၂၂၃၅၃၉ ဦးရဲ့ နာမည်တွေကို အတည်ပြုထား နိုင်ပါတယ်။

အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ အများကြီး ပိုများနိုင်ပြီး စစ်ရေးကျွမ်းကျင်သူတွေက ဒီစာရင်းဟာ စုစုပေါင်း သေဆုံးမှုရဲ့ ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းကြားကို ကိုယ်စားပြုနိုင်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ရုရှားနဲ့ တရုတ် နှစ်နိုင်ငံစလုံးဟာ အာကာသမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံနေပြီး ငြိမ်းချမ်းရေးအတွက်ရော၊ စစ်ရေးအရရော ရည်ရွယ်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ရုရှားက အရေးကြီးတဲ့ အခြေခံ အဆောက်အဦတွေ၊ ဒီမိုကရက်တစ် လုပ်ငန်းစဉ်တွေနဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြည်သူလူထု ယုံကြည်မှုတွေကို ပစ်မှတ်ထားလာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဒီလို စွပ်စွဲပြောဆိုချက်တွေကို ကရင်မလင် နန်းတော်က ငြင်းဆိုထားပါတယ်။

GCHQ အနေနဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို တားဆီးရေး မနားတမ်း ကြိုးပမ်းဆောင်ရွက်နေကြောင်းနဲ့ ရုရှားက အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေလည်း ရှိနေတယ်လို့ အန်နီ ကက်စ်ဘာတလာက ပြောထားပါတယ်။

စွပ်စွဲချက်တွေ အားလုံး ငြင်းဆိုထားတဲ့ ကရင်မလင် နန်းတော်က KGB အရာရှိဟောင်း အလက်ဇန်းဒါး လစ်ဗင်နန်ကိုအား ၂၀၀၆ က လန်ဒန်မြို့ ဟိုတယ် တစ်ခုမှာ လက်ဖက်ရည်ထဲကို ရေဒီယို သတ္တိကြွ ပိုလိုနီယံ ထည့်ပြီး လုပ်ကြံခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

ရုရှား ထောက်လှမ်းရေး အရာရှိဟောင်း ဆာဂျီ စကရီပေါလ်ကို ၂၀၁၈ ခုနှစ်က ဆာလစ်ဘူရီမှာ အာရုံကြောအဆိပ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း ရုရှား စွပ်စွဲခံထားရပါတယ်။

စကရီပေါလ်ရဲ့ နေအိမ် တံခါး လက်ကိုင်မှာ အဲဒီ အာရုံကြောအဆိပ်ကို သုတ်လိမ်းထားပြီး လုပ်ကြံဖို့ ကြိုးပမ်းခဲ့တာ ဖြစ်တယ်လို့ စစ်ဆေး ပေါ်ပေါက်ခဲ့တာပါ။

အဲဒီ အဆိပ်မျိုးကို ရုရှားမှာ ထိပ်တန်း အကျဆုံး အရာရှိတွေကပဲ အသုံးပြုခွင့် ခွင့်ပြု ပေးနိုင်တာ ဖြစ်တယ်လို့ ဗြိတိန် ထောက်လှမ်းရေးက ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.