ဘန်ကောက်၊ မေ ၂၈

ကမ္ဘောဒီးယားနဲ့ ရေပြင်နယ်နိမိတ်ဆိုင်ရာ နှစ်နိုင်ငံ ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ဘူးလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကက်ကွေးက ပြောလိုက်ပါတယ်။

ရေပြင် နယ်နိမိတ် ပိုင်ဆိုင်ကြောင်း အပြန်အလှန် ပြောဆိုထားမှုနဲ့ ပတ်သက်တဲ့ ၂၀၀၁ နားလည်မှု စာချွန်လွှာကို ထိုင်းက ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှု မရဖြစ်ခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆက်ခွန်နဲ့ ဝန်ကြီး ဆီဟာဆက်တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ညီလာခံမှာ ထိုင်း ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန် မာနက်တို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပထမဆုံး တိုက်ရိုက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

နားလည်မှု စာချွန်လွှာကို ထိုင်းဖက်က ဖျက်သိမ်းလိုက်ပြီးနောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ရေပြင်ဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေး ကုလသမဂ္ဂ ရေပြင်ဥပဒေဆိုင်ရာ သဘောတူညီမှု (UNCLOS) အရ မဖြစ်မနေ ရင်ကြားစေ့ရေး ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာပါ။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးဟာ (UNCLOS) အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီမှုအရ နှစ်နိုင်ငံ သဘောတူညီမှု မရှိတဲ့ အချိန်မှာတောင် ဥပဒေဆိုင်ရာ ယန္တယား အသစ်နဲ့အတူ အစဉ်အလာ နိုင်ငံတကာ ဥပဒေအတိုင်း ရေပြင်ဆိုင်ရာ အုပ်ချုပ်ရေးအတွက် ဥပဒေ မူဘောင် တစ်ရပ်ကို စီမံပေးထားတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးမှုဟာ နောက်ထပ်ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ရေးနဲ့ အခြေအနေ တိုးတက်လာစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

ဒါပေမယ့် ညှိနှိုင်းမှုတွေအတွက် အနာဂတ် မူဘောင်နဲ့ ပတ်သက်လို့ နှစ်ဖက်ကြား သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။

နားလည်မှု လွဲမှားနေတာတွေ ဆက်ရှိနေဆဲ ဖြစ်ပြီး ဘန်ကောက်က နားလည်မှု စာချွန်လွှာကို စွန့်လွှတ် လိုက်တာဟာ ညှိနှိုင်းမှုတွေကို ရှောင်ရှားလိုတာကြောင့် ဖြစ်တယ်လို့ ကမ္ဘောဒီးယားက ထင်မှတ်မှားနေတာဆိုပြီး ဆီဟာဆက်က တုံ့ပြန်ပါတယ်။

အရင်က နားလည်မှု စာချွန်လွှာကြောင့် တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့တာဟာ ဆယ်စုနှစ် နှစ်စုကျော်ကြာပြီ ဖြစ်တာကြောင့် မူဘောင်အသစ် တစ်ခု ဖန်တီးရေးအတွက် ဖျက်သိမ်းလိုက်ရတာ ဖြစ်တယ်လို့ ဆီဟာဆက်က ပြောပါတယ်။

အဲဒီ သဘောတူညီမှုကို လက်မှတ်ရေးထိုးပြီး နောက်ပိုင်း အခြေအနေတွေ ပြောင်းလဲသွားပြီ ဖြစ်ပြီး အထူးသဖြင့် ကမ္ဘောဒီးယား UNCLOS အဖွဲ့ဝင် ဖြစ်လာပြီးနောက်ပိုင်းမှာ ပြောင်းလဲသွားတာ ဖြစ်တယ်လို့ ဆီဟာဆက်က ဆိုတာပါ။

ပြင်ပ အဖွဲ့အစည်း တစ်ခု ပါဝင်တဲ့ တရားဝင် ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တစ်ခုဆီ တစ်နိုင်ငံငံက မလျှောက်က်လှမ်းခင် နှစ်နိုင်ငံဆွေးနွေးမှုတွေ ဆက်လက် ဆောင်ရွက်သင့်တယ်လို့ ထိုင်းက သဘောထားကြောင်း ဆီဟာဆက်က ပြောပါတယ်။

ရင်ကြားစေ့ရေး ယန္တယား တစ်ခု မလိုအပ်ဘဲ UNCLOS သဘောတူညီမှုအရ တိုက်ရိုက် ဆွေးနွေးမှုတွေကတဆင့် နှစ်နိုင်ငံ သဘောတူညီမှု ရယူနိုင်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ရေပြင်ဆိုင်ရာ အငြင်းပွားမှုအပြင် နယ်စပ်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.