အိုတာဝါ၊ မေ ၂၉

အီဘိုလာ ဗိုင်းရပ်စ် အန္တရာယ် အမြင့်မားဆုံး ဖြစ်ပေါ်နေတဲ့ အာဖရိကဒေသတွေဆီက ဆိုက်ရောက်လာမယ့် ခရီးသည် တစ်ဦးချင်းစီအတွက် အများပြည်သူ ကျန်းမာရေးနဲ့ ကိုက်ညီမယ့် ခရီးသွားလာရေး အစီအစဉ်တွေကို အမေရိကန်၊ မက္ကစီကိုနဲ့ ကနေဒါတို့က မေ ၂၉ ရက်မှာ ကြေညာလိုက်ပါတယ်။

ကနေဒါ ကမ္ဘာ့ရေးရာဌာနက ထုတ်ပြန်ထားတဲ့ ပူးတွဲကြေညာချက် တစ်ရပ်မှာ လာမယ့် ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားအတွက် ရောက်ရှိလာမယ့် နိုင်ငံခြားသားတွေ၊ အားကစားသမားတွေ ပရိသတ်တွေနဲ့ ဧည့်သည် သန်းပေါင်းများစွာ အပြင် နိုင်ငံသားတွေကို ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြထားပါတယ်။

အဲဒီ မြောက်အမေရိက သုံးနိုင်ငံက သူတို့ရဲ့ နယ်စပ် တဝှမ်း ခရီးသွားလာမှုနဲ့ စုဝေးမှုတို့ကို ထိန်းသိမ်းဖို့ အဲဒီ အစီအစဉ်ကို ချမှတ်တာ ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။

မြောက်အမေရိကသို့ ကမ္ဘာကြီးကို ကျွန်တော်တို့ ကြိုဆိုမှာ ဖြစ်တဲ့အတွက် ဒေသတွင်းရှိ လူတိုင်းရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးဟာ ကျွန်တော်တို့ရဲ့ အမြင့်မားဆုံး ဦးစားပေး ကိစ္စအဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ အဲဒီ သုံးနိုင်ငံရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

လောလောဆယ် ကွန်ဂို ဒီမိုကရက်တစ် ပြည်ထောင်စုနိုင်ငံမှာ အီဘိုလာ ရောဂါ ပျံ့နှံ့မှု အခြေအနေ ဆိုးရွားနေပြီး ကျန်းမာရေး လုပ်သားတွေပါ သေဆုံးမှုတွေ ရှိနေပါတယ်။

အိမ်နီးချင်း ယူဂန္ဓာ နိုင်ငံမှာလည်း ရောဂါ ကူးစက်ခံထားရသူတွေ တွေ့ရှိလာချိန်မှာ ကွန်ဂိုနဲ့ သူတို့ရဲ့ နယ်စပ်ကို ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ကနေဒါက ကွန်ဂို၊ ယူဂန္ဓာ၊ တောင်ဆူဒန် နိုင်ငံသားတွေကို သူတို့ နိုင်ငံထဲ ဝင်ရောက်ခွင့် ရက်ပေါင်း ၉၀ ကြာ ပိတ်ပင်ထားပါတယ်။

အဲဒီ ပိတ်ပင်မှုဟာ မေ ၂၇ ရက်က စတင်ခဲ့တာ ဖြစ်ပြီး အဲဒီ နိုင်ငံတွေကနေ ရောက်ရှိလာသူတွေကို ၂၁ ရက်ကြာ ရောဂါစောင့်ကြည့် ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။

ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန် ၊မက္ကစီကိုနဲ့ ကနေဒါတို့က ဇွန် ၁၁ ရက်က စတင်ပြီး ပူးတွဲ အိမ်ရှင်တွေအဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Ref:BERNAMA/XINHUA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.