ကိဗ်၊ မေ ၃၀

သိမ်းပိုက်ခံထားရတဲ့ ယူကရိန်းပိုင်နက်ထဲရှိ အရေးပါတဲ့ လမ်းမတွေတလျှောက် ရုရှား တပ်တွေကို ထောက်ပံ့ရေးယာဉ်တွေကို ဖျက်ဆီးရေး ယူကရိန်း စစ်တပ်က AI ဒရုန်း နည်းပညာ အသစ် အသုံးပြုပြီး အရှိန်မြှင့် တိုက်ခိုက်နေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ရုရှားကနေ ခရိုင်းမီးယားဒေသသို့ ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းကြောင်းတွေနဲ့ ယူကရိန်း တောင်ပိုင်းရှိ သိမ်းပိုက်ခံထားရတဲ့ တခြား ဒေသတွေက လမ်းကြောင်းတွေက တလျှောက် စားနပ်ရိက္ခာတွေ၊ လောင်စာနဲ့ ခဲယမ်းမီးကျောက်တွေ သယ်ဆောင်လာတဲ့ ယာဉ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ် ၁၄ ခုရဲ့ ဗီဒီယိုဖိုင်တွေကို ဘီဘီစီ သတင်းဌာနက အတည်ပြုထားပါတယ်။

ယူကရိန်းဟာ ၂၀၂၃ နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ သူတို့ ဆုံးရှုံးထားတဲ့ နယ်မြေတွေထက် ပိုတဲ့ နယ်မြေတွေကို စတင်ပြန်လည် ရယူနေပြီ ဖြစ်ကြောင်း စစ်ပွဲလေ့လာရေး အင်စတီကျု (ISW) ရဲ့ လေ့လာမှုက ဖော်ပြထားပါတယ်။

စစ်ပွဲ လေးနှစ်ကျော်ကြာလာပြီး ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ရုရှား သိမ်းပိုက်မှု ပိုများလာပြီးနောက် ပြီးခဲ့တဲ့လတွေမှာ ဘယ်ဖက်ကမှ နယ်မြေ သိသိသာသာသာ သိမ်းယူနိုင်မှု မရှိတာ တွေ့ခဲ့ရပါတယ်။

AI နည်းပညာ သုံးထားတဲ့ Hornet စနစ် အပါအဝင် မကြာသေးခင်က ဒရုန်း နည်းပညာတိုးတက်လာမှုကြောင့် ရှေ့တန်း စစ်မျက်နှာတွေမှာ သွားလာနေတဲ့ ရုရှား ပစ်မှတ်တွေကို ယူကရိန်းက ပိုမို ဝေးကွာတဲ့ နေရာတွေကနေ ပိုပြီး တိကျအောင် တိုက်ခိုက်လာနိုင်တာ တွေ့ရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရန်သူတွေရဲ့ ထိုးစစ်ဆင်နိုင်စွမ်းကို တားဆီးရေး ရုရှား စစ်တပ်ကို ဖိအားပိုပေးရေး ရည်ရွယ်တဲ့ ပို့ဆောင်ရေး ပိတ်ဆို့မှု ဗျူဟာနဲ့ ရည်ရွယ် လုပ်ဆောင်နေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး မိုင်ခေးလို ဖီဒိုရော့ဗ်က မေ ၂၇ ရက်မှာ ပြောပါတယ်။

ယူကရိန်း တောင်ပိုင်း အဓိက လမ်းကြောင်းတလျှောက် နေရာတွေ အများကြီးမှာ ကုန်တင် လော်ရီကားတွေနဲ့ တခြား စစ်သုံးယာဉ်တွေ မီးလောင်ကျွမ်းနေပုံ ဗီဒီယိုဖိုင်တွေကို ဘီဘီစီ သတင်းဌာနနဲ့ GeoConfirmed အဖွဲ့တို့က အတည်ပြုထားပါတယ်။

ရုရှားနယ်စပ်နဲ့ သိမ်းပိုက်ထားတဲ့ မာရီယိုပူးလ်ကြားမှာ တိုက်ခိုက်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းတင်ထားပြီး မီလီတိုပိုးလ်မြို့ အနောက်တောင်ပိုင်းမှာ တိုက်ခိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ရှေ့တန်းနဲ့ ခရိုင်းမီးယားဒေသရှိ သူတို့ရဲ့ တပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ ရုရှားစစ်တပ်က အဲဲဒီ လမ်းကြောင်းကို အသုံးပြုနေတာ ဖြစ်ပါတယ်။

တတ်သိပညာရှင်များ အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Atum Mundi ရဲ့ သုတေသီ ကလိုင်းမန့် မိုလင်က ရှေ့တန်းက ၁၂ မိုင်ကျော် အကွာမှာ ယာဉ် အစီးရေ ၁၅၀ ပျက်စီးသွားကြောင်း အတည်ပြုထားပါတယ်။

ဒီအရေအတွက်ဟာ စုစုပေါင်း ဖျက်ဆီးခံရတဲ့ အရေအတွက်ရဲ့ ထက်ဝက်လောက်ပဲ ဖြစ်ဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။

ယူကရိန်းရဲ့ အခုလို တိုက်ခိုက်မှုတွေကြောင့် ရုရှားဟာ ထောက်ပို့ လမ်းကြောင်းတွေမှာ ယာဉ်တန်းတွေကို အရေအတွက် လျှော့ချပြီးတော့ သွားလာနေရပြီး ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ရေး အလျင်အမြန် ဖြတ်သန်းတဲ့ နည်းလမ်းကို သုံးနေရတယ်လို့ စစ်ပွဲ စောင့်ကြည့်ရေး အဖွဲ့ Acled က ပြောပါတယ်။

ယူကရိန်းက ရုရှား ထောက်ပို့ယာဉ်တွေ၊ ကွပ်ကဲရေး တပ်စခန်းတွေနဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေကို တိုက်ခိုက်နေတာကြောင့် ရှေ့တန်းရောက် ရုရှားတပ်တွေ ထိုးစစ်ဆင်ဖို့ အခက်အခဲ ရှိနေပြီ ဖြစ်ကြောင်း စစ်ပွဲ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

ယူကရိန်း ဒရုန်း နည်းပညာတွေကို ကမ္ဘာပေါ်ရှိ တခြား စစ်ပွဲတွေမှာလည်း အသုံးပြုလာနေတာ တွေ့ရပြီး အခုအခါ AI နည်းပညာသုံး ဒရုန်းတွေကို အသုံးပြုလာတာကြောင့် ရုရှား တပ်တွေအတွက် အခက်အခဲတွေ အများကြီး ရှိလာပြီ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.