ဘေဂျင်း၊ မေ ၃၀
တရုတ်နိုင်ငံရဲ့ နာမည်ကျော် ရှောင်လင်ကျောင်း ကျောင်းထိုင်ဟောင်းကို လာဘ်ပေးလာဘ်ယူမှုနဲ့ ငွေကြေး အလွဲသုံးစားမှု အပါအဝင် ရာဇဝတ်မှုတွေအတွက် ထောင် ၂၄ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးက မေ ၂၉ ရက်မှာ ပြောပါတယ်။
ရှီရောင်စင်း ဘွဲ့နာမည်နဲ့ရှိစဉ်က ရှောင်လင်ကျောင်းတိုက်ရဲ့ ကျောင်းထိုင် ပုဂ္ဂိုလ် ဖြစ်ခဲ့တဲ့ လွီယင်ချန်းကို အလွန်တရာ ဆိုးရွားတဲ့ အပြုအမူတွေကြောင့် ၂၀၂၅ ဇူလိုင်လမှာ ကျောင်းထိုင် ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
အဲဒီအချိန်က သူက အသက် ၅၉ နှစ် ရှိပြီ ဖြစ်ပါတယ်။
စီမံကိန်း ရန်ပုံငွေတွေနဲ့ ကျောင်းတော်ရဲ့ ပိုင်ဆိုင်မှုတွေကို တလွဲ အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သူ့ကို စုံစမ်းစစ်ဆေးပြီးတော့ ရဟန်းအဖြစ်က သိက္ခာချခဲ့ပါတယ်။
ရှောင်လင်ကျောင်းတိုက် ကျောင်းထိုင်နဲ့ ရှောင်လင်ကျောင်းတိုက် သာယာဝပြောရေး ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌအဖြစ် လွီဟာ သူ့ရဲ့ ရာထူးကို အခွင့်ကောင်းယူခဲ့တယ်လို့ နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် ရှင်ရှန်း ပြည်သူ့တရားရုံးက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
သူ့ရဲ့ ရာဇဝတ်မှုတွေဟာ ကြီးမားပြီး လာဘ်ပေးလာဘ်ယူမှု အခြေအနေတွေဟာ အထူးသဖြင့် ပြင်းထန်ကြောင်း လူမှုရေး ထိခိုက်မှု အရမ်းကြီးမားကြောင်း တရားရုံးက ပြောပါတယ်။
ဟီနန်ပြည်နယ်ရှိ ရှောင်လင်ကျောင်းဟာ ကွန်ဖူးပညာ မွေးဖွားရာ နေရာအဖြစ် လူသိများပါတယ်။
လွီဟာ ၁၉၉၉ ခုနှစ်မှာ ကျောင်းထိုင်ရာထူးကို ရယူခဲ့ပြီး နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာမှာ ကျောင်းတော်အတွက် ဒါဇင်နဲ့ချီတဲ့ ကုမ္ပဏီတွေ တည်ထောင် ပေးခဲ့ပေမယ့် ဗုဒ္ဓဘာသာကို စီးပွားရေးအတွက် အသုံးချနေတယ်လို့လည်း ဝေဖန်ခံခဲ့ရပါတယ်။
တရားရုံးရဲ့ ဖော်ပြချက်အရ သူဟာ ယွမ် ၁၃၁ သန်း (ကန်ဒေါ်လာ ၁၉ ဒသမ ၄ သန်း)တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို ၂၀၀၃ နဲ့ ၂၀၂၅ အတွင်း မတရားရယူခဲ့ပြီး အဲဒီလို လုပ်ဆောင်ရာမှာ သူတစ်ဦးတည်း လုပ်ဆောင်တာ ရှိသလို တခြား လူတွေနဲ့ ပေါင်းပြီးတော့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သူဟာ အဲဒီ အဖွဲ့အစည်းဆီက နောက်ထပ် ယွမ် ၁၅၁ သန်းကျော်ကို ပုဂ္ဂိုလ်ရေး သုံးစွဲဖို့ ၂၀၁၂ နဲ့ ၂၀၂၂ ကြား မတရားရယူခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။
လွီဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ဘုရားကျောင်း ဆောက်လုပ်ရေး စီမံကိန်းတွေနဲ့ ဆက်စပ်တဲ့ ယွမ် ၁၁ သန်းကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို တရားမဝင် လက်ခံခဲ့တယ်လို့လည်း သိရပါတယ်။
သူဟာ ၁၉၉၅ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကြားမှာ ငွေသားနဲ့ ပိုင်ဆိုင်မှု ယွမ် ၅ သန်းကျော်ကို အစိုးရအမှုထမ်းတွေကို ပေးအပ်ပြီး မသင့်တော်တဲ့ အကျိုးအမြတ်တွေ ရရှိအောင် လုပ်ဆောင်ခဲ့တယ်လို့လည်း တရားရုံးက ပြောပါတယ်။
လွီကို တရားရုံးက ဒဏ်ငွေ ယွမ် ၃ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၅၁၇၀၀၀) ပေးဆောင်ဖို့လည်း ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
သူက အဲဒီဆုံးဖြတ်ချက်အတွက် အယူခံ ဝင်မှာ မဟုတ်ဘူးလို့ ပြောကြားကြောင်း တရားရုံးက ဆိုပါတယ်။
တရားရုံးရဲ့ အမိန့်ကို တရုတ် လူမှုမီဒီယာ Weibo ပေါ်မှာ လူအများ ကြိုဆိုသြဘာ ပေးခဲ့ကြပါတယ်။
ဟီနန်ပြည်နယ်ရှိ အထွဋ်အမြတ်ထားရာ တောင် တစ်လုံးရဲ့ ခြေရင်းက သစ်တောထဲမှာ တည်ရှိတဲ့ ရှောင်လင်ကျောင်းဟာ ကွန်ဖူးပညာနဲ့ ဇင်ဗုဒ္ဓဘာသာတို့ အတွက် ထင်ရှားတဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။
နှစ်သက်တမ်း ၁၅၀၀ ရှိပြီ ဖြစ်တဲ့ အဲဒီ ဘုန်းကြီးကျောင်းဟာ အရှုပ်တော်ပုံ တစ်ခုရဲ့ ဗဟိုချက်နေရာမှာ ရှိနေပြီး ကျောင်းထိုင်ဟာ လိင်ပိုင်းဆိုင်ရာ လွဲမှားတဲ့ အပြုအမူတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေ အတွက်လည်း စုံစမ်း စစ်ဆေးခံနေရ ပါတယ်။
Source: AFP

