နိုင်ရိုဘီ၊ မေ ၃၀

ကျောင်းသူ ၁၆ ဦး သေဆုံးခဲ့တဲ့ ကင်ညာ မိန်းကလေးကျောင်းကို မီးရှို့တိုက်ခိုက်တယ်လို့ သံသယရှိမှုမှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ကျောင်းသူ ၈ ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မြို့တော် နိုင်ရိုဘီ အနောက်မြောက်ဖက် ၇၇ မိုင်အကွာရှိ ဂီလ်ဂီလ်မြို့ အူတူမီရှီ မိန်းကလေးပညာသင်ကျောင်းမှာ မေ ၂၉ ရက် မနက် စောစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ် အိပ်ကုတင် ၁၃၅ လုံးရှိခဲ့တဲ့ အိပ်ဆောင် အပေါ်ထပ် မီးလောင်ကျွမ်းသွားခဲ့ရတာပါ။

ကျောင်းသူတွေ ဝန်ထမ်းတွေနဲ့ တွေ့ဆုံမေးမြန်းပြီး မူခင်းစစ်ဆေးရေးဌာနက စီစီတီဗီ ပုံရိပ်တွေကို စစ်ဆေးအပြီးမှာ အဲဒီကျောင်းက ကျောင်းသူ ၈ ဦးဟာ မီးလောင်မှု ဖြစ်အောင် ကြံစည် လုပ်ဆောင်မှုနဲ့ ဆက်စပ်နေသူတွေ ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ အမျိုးသားရဲဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်း အတိအကျကို စုံစမ်းစစ်ဆေးသူတွေ ဆက်လက် စုံစမ်းနေကြပါတယ်။

အဲဒီကျောင်းသူတွေရဲ့ နေအိမ်တွေဆီ ခြေရာခံလိုက်သွားပြီးနောက် ကျောင်းကို ပြန်ခေါ်လာပြီး မေးမြန်းစစ်ဆေးဖို့ ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ မီးလောင်ကျွမ်းမှုကို စုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်တွေက ကနဦး ပြန်ခေါ်လာခဲ့တဲ့ ကျောင်းသူ ၃၀ ဦး ရှိပြီး လက်ရှိ ဖမ်းဆီးထားတဲ့ ကျောင်းသူ ၈ ဦးလည်း အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်ပြီးနောက် ကနဦး စစ်ဆေးမှုများအရ အဲဒီ ကျောင်းမှာ ဘေးကင်းရေးဆိုင်ရာ သတ်မှတ်ချက် ချိုးဖောက်မှုတွေ အများကြီးရှိကြောင်း တွေ့ရှိထားတယ်လို့ ပညာရေးဝန်ကြီး ဂျူးလီယပ် အိုဂမ်ဘာက ပြောပါတယ်။

အဲဒီစာသင်ကျောင်းရဲ့ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ကို ဝန်ကြီးက ဖျက်သိမ်းလိုက်ပြီး ကျောင်းအုပ်ကို အရေးယူဖို့ ညွှန်ကြားထားပါတယ်။

တာဝန်ပျက်ကွက်ကြောင်း တွေ့ရသူ အားလုံးကို စည်းကမ်းထိန်းသိမ်းရေးနဲ့ ဥပဒေပိုင်း ဆိုင်ရာ အရေးယူရေး သင့်တော်သလို ဆောင်ရွက်သွားဖို့ သူက ညွှန်ကြားထားပါတယ်။

မီးကြောင့် သေဆုံးသူ ၁၆ ဦးအပြင် ပြတင်းပေါက်က ခုန်ချတာအပြင် တခြား ထွက်ပြေးဖို့ ကြိုးပမ်းတဲ့ ပုံစံတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိကြောင်း သိရပါတယ်။

ဒီအချိန်မှာ အုပ်ထိန်းသူတွေ ရှာမတွေ့သေးတဲ့ ကျောင်းသူတွေလည်း အများကြီး ရှိနေတာကြောင်း မိဘဆွေမျိုးသားချင်းတွေ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.