ညောင်လေးပင်၊ ဇူလိုင်(၇)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ငှက်ဖျားရောဂါခံစားနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး KWO က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလကျရောက်လာတဲ့အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးပြုစုကုသမှု အလုံအလောက်မရရှိကြသလို ငှက်ဖျားရောဂါကိုပါ ခံစားနေရပါတယ်။

ငှက်ဖျားရောဂါတွေကိုတော့ KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ KNU တပ်မဟာ(၅) ဖာပွန်ခရိုင်၊ KNU တပ်မဟာ(၆) ဒူပလာယာခရိုင်တို့မှာ အများဆုံး ဖြစ်ပွားနေတာပါ။

ငှက်ဖျားရောဂါခံစားနေရတဲ့ စစ်ရှောင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေကို လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကျန်းမားရေးစောင့်ရှောက်မှုကလည်း ထဲထဲဝင်ဝင် မရောက်ရှိနေဘူးလို့ ကရင်အမျိုးသမီးအစည်းအရုံး KWO ဒုတိယဥက္ကဌ နော်စေးစေးဟဲက ပြောပါတယ်။

“ထွက်ပြေးနေရအချိန် အခုကမိုးကရွာတော့ ကလေးတွေက ငှက်ဖျားရောဂါခံစားနေရတယ်။ ကျန်းမာရေးဝန်ဆောင်မှုကလည်း ထဲထဲဝင်ဝင်မရောက်ဘူး။ အခုကမိုးကလည်း အရမ်းရွာတယ်။ လမ်းခရီးကလည်း သွားရတာဝေးတယ်။ မိခင်တွေကလေးတွေဆို ခြင်ထောင်တွေက မလုံလောက်ဘူး။ ခြင်ထောင် ထောင်ဖို့ကလည်း အဆင်မပြေဘူး။ ကျင်းထဲမှာအိပ်ရတယ်။ တောကြိုအုံကြားထဲမှာအိပ်ရတော့ ခြင်ကကိုက်တော့ ငှက်ဖျားရောဂါကိုခံစားနေရတယ်။ အစားအသောက်ကလည်း လုံလောက်မှုမရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း လုံလောက်မှုမရှိဘူး စစ်ရှောင်စခန်းထဲမှာ” လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ တောတောင်ထဲမှာ နေထိုင်စားသောက်အိပ်နေရတာဖြစ်တဲ့အတွက် ခြင်ကိုက်တဲ့ဒဏ်ကို ခံစားနေရတာဖြစ်ပြီး ခြင်ထောင်အသုံးအဆောင်တွေလည်း အလုံအလောက်မရှိဘူးလို့ ပြောပါတယ်။

အချိန်အတော်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက ကလေးသူငယ်တွေဟာ အစာရေစာကို အချိန်နဲ့တပြေးညီ လက်လှမ်းမီနိုင်မှုနဲ့ စားနပ်ရိက္ခာလုံလောက်မှု မရှိတဲ့အတွက် ရောဂါတွေဖြစ်ပွားပြီး အသက်ဆုံးရှုံးတာမျိုးလည်း ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်လုပ်ဆောင်မှုတွေကြောင့် KNU နယ်မြေအတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးရှိနေပါတယ်။

စစ်ဘေးရှောင်တွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေလည်း ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ ကရင်လူမှုအဖွဲ့တွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.