ရန်ကုန်၊ ဇူလိုင်(၇)

အာဏာသိမ်းစစ်ကောင်စီလက်ထက် အခြေခံပညာကျောင်းတွေမှာ မသန်စွမ်းကလေးငယ်တွေကို ပညာသင်ကြားခွင့် ကန့်သတ်တာတွေ ရှိလာတယ်လို့ မသန်စွမ်းအရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။

မသန်စွမ်းကလေးငယ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံရပိုင်ခွင့်ဖြစ်တဲ့ ပညာသင်ကြားခွင့်တွေ အများနည်းတူ ရရှိတာမရှိတော့သလို လူ့အခွင့်အရေးဆုံးရှုံးမှုတွေ အဆိုးရွာဆုံးခံစားနေရတာပါ။

မသန်စွမ်းကလေးငယ်တွေကို ကျောင်းအပ်ချိန်မှာ လက်မခံတာအပြင် ငွေကြေးတောင်းခံမှုတွေပါရှိလာသလို ကြားကာလပညာရေးမှာလည်း သင်ကြားဖို့ လက်လှမ်းမမှီတဲ့အတွက် ပညာရေးပိုင်းမှာ အခက်အခဲကြုံနေရတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ပြောပါတယ်။

“ပညာရေးဆိုလည်း အခုကျောင်းမှာ ကျန်ခဲ့တဲ့ဆရာမတွေကလည်း သူတို့ရဲ့စိတ်သဘောထား၊ သူတို့ရဲ့ ခံယူချက်နဲ့ ကျန်ခဲ့တာကို။ တချို့ကခံယူချက်က မကောင်းတော့ ကလေးတွေကို ကျောင်းမှာလက်မခံ တာတွေလည်းရှိတယ်။ အခုချိန်ထိရှိတုန်းပဲ။ အရင်တုန်းက တိုးတက်လာပြီးတော့ ပြန်ဆိုးလာတယ်ပေါ့နော်။ အဲဒီလိုမျိုးတွေ တွေ့ရတယ်။ ပိုက်ဆံတွေ အတင်းတောင်းတာတွေရှိတော့တော်တော်လေးကို သူတို့တွေမှာ အခက်အခဲကြုံတွေ့ရတယ်။ ဒီကြားထဲမှာ Online ကနေပြီးတော့ ဒီကြားကာလ ပညာရေးတွေမှာလည်း သူတို့ကဒါတွေ လက်လှမ်းမီဖို့အတွက်ကို ခက်ပြန်ရော။ ငွေကြေးအားဖြင့်သော် လည်းကောင်း၊ ဒီနည်းပညာအားဖြင့်သော်လည်းကောင်း၊ လက်လှမ်းမီရဖို့ကမဖြစ်တဲ့အတွက်ကြောင့် ဉာဏ်ရည်မသန်စွမ်းတဲ့သူတို့၊ တချို့တွေက ပိုဆိုးပေါ့။ ဆေးပုံမှန်သောက်ရတာတို့၊ လေကျင့်ခန်းလုပ်တာတို့၊ သူတို့အတွက်ကို ဝန်ဆောင်မှုတစ်ခုခုပေါ့နော်။ ပညာရေးဆိုင်ရာ၊ နေ့စဉ်လှုပ်ရှားသွားလာမှုဆိုင်ရာ ဒါမျိုးတွေရဖို့ တော်တော်လေး ခက်ခဲကြတယ်ဗျာ”လို့ ဆိုပါတယ်။

မသန်စွမ်းကလေးငယ်တွေ ပညာသင်ကြားခွင့်မရတာကြောင့် နောက်ပိုင်းမှာ အသိပညာနဲ့ အတတ်ပညာပိုင်းဆိုင်ရာတွေမှာ အားနည်းလာမှာဖြစ်သလို အရင်လိုကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေကအစ မဆုံးဖြတ်နိုင်တော့ဘဲ သူများတွေကို အားကိုးနေရတော့မှာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

မသန်စွမ်းအရေး ကူညီပေးနေသူတစ်ဦးကလည်း လက်ရှိမသန်စွမ်းကလေးတွေ ကျောင်းအပ်နှံတဲ့နေရာမှာ လက်ခံမှုမရှိဘဲ ကျောင်းတက်ခွင့်ရဖို့ အသနားခံစာတင်ခိုင်းတာတွေရှိသလို အတန်းပညာမရပါက အတတ်ပညာလည်း မရရှိနိုင်တဲ့အတွက် ဘဝရပ်တည်ဖို့ခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။

“ဆိုးဆိုးရွားရွား ဖြစ်စဉ်တစ်ခုက ကလေးကို ကျောင်းလက်မခံဘူး။ အကြောင်းပြချက်အမျိုးမျိုးနဲ့ လက်မခံဘူး။ နောက်ဆုံး ကျွန်တော်တို့ အထက်အဆင့်ဆင့် လုပ်လိုက်တဲ့အခါကျတော့ လက်တော့လက်ခံတယ်။ အသနားခံစာတင်ရမယ်ဆိုလို့ ကျွန်တော်တို့ တော်တော်ပြဿနာ တက်သွားတယ်။ ကျွန်တော်တို့ အသနားခံစာ မတင်တော့ဘူး။ ဒါက ကလေးတိုင်းရပိုင်ခွင့်၊ ကျန်တဲ့ကလေးတွေရော အသနားခံစာတင်ဖို့ လိုလို့လားဆိုတော့ မလိုဘူးတဲ့။ မလိုရင် ကျွန်တော်တို့မသန်စွမ်းလည်းမလိုဘူးလို့။ ကျွန်တော်တို့ကဗျာ အတန်းပညာကရဖို့ ခက်တယ်ဗျ။ အတန်းပညာမရှိရင် အတတ်ပညာကိုတတ်လားဆိုတော့ သူတို့မတတ်ဘူး။ နဂိုကမှ မသန်စွမ်းဖြစ်ပါတယ်ဆိုမှ အတန်းပညာတို့၊ အတတ်ပညာတို့ မရဘူးဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားပြီးပေါ့နော်။ အလုပ်အကိုင် အခွင့်အလမ်းရဖို့ ခက်တာပေါ့။ ဒီတော့ဝင်ငွေရဖို့ဆိုတာ မလွယ်တော့ဘူး။ ကိုယ့်ဘဝကိုယ် ရပ်တည်ဖို့ မလွယ်တော့ဘူး။ တစ်ပါးသူကို အားကိုးရတော့မယ်။ မဖြစ်သင့်တာတွေ။ ဂုဏ်သိက္ခာရှိတဲ့ လူ့ဘဝကြီးကို မပိုင်ဆိုင်တော့ဘူး။ အတန်းပညာရော၊ အတတ်ပညာရော၊ သင်ကြားဖို့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ လုံးဝမရလုနီးပါး ဖြစ်နေတယ်ဗျာ”လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံအခြေခံပညာကျောင်းတွေမှာ မသန်စွမ်းကလေးငယ်တွေနဲ့ တခြားကလေးငယ်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိလာတာကြောင့် မသန်စွမ်းကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။

အခုချိန်မှာတော့ မသန်စွမ်းကလေးတွေရဲ့ပညာသင်ကြားခွင့်အတွက် မြို့ပေါ်နေရာတွေအထိ အခက်အခဲရှိလာသလို နယ်မြေမတည်ငြိမ်တဲ့ဒေသက မသန်စွမ်းကလေးငယ်တွေဟာ လုံးဝပညာသင်ကြားခွင့်မရတာတွေပါ ရှိနေတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းတွေဟာ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းအပါအဝင် အသက်ရှင်သန်ခွင့်တွေကအစ အားလုံးနီးပါး ဆုံးရှုံးလာတာဖြစ်ပါတယ်။

NLD အစိုးရလက်ထက်ကတော့ မသန်စွမ်းတွေကို လစဉ်ထောက်ပံ့ကူညီနေတာရှိသလို မသန်စွမ်းကလေးငယ်တွေကို ပညာသင်ကြားဖို့အတွက် မသန်စွမ်းကျောင်းဆရာတွေကို ပြည်ပနိုင်ငံတွေအထိ ပညာတော်သင်လွှတ်တာတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် မသန်စွမ်းသူများအခွင့်အရေး ဥပဒေအရ မသန်စွမ်းသူတွေကို အလုပ်ခန့်ထားတဲ့ ကုမ္ပဏီတွေကို အခွန်လျော့ပေါ့ပေးတာတွေလည်း ရှိခဲ့တာပါ။

၂၀၁၉ ခုနှစ်ကြားဖြတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၁၂ ဒသမ ၈ ရာခိုင်နှုန်း ဟာ မသန်စွမ်းသူတွေဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း မသန်စွမ်းတွေ နေ့စဉ်နီးပါး တိုးလာနိုင်တယ်လို့ မသန်စွမ်းအရေးကူညီနေသူတွေက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.