နေပြည်တော်၊ ဇူလိုင်(၇)
အပစ်ရပ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ ဇူလိုင် ၅ ရက်နေ့ကစပြီး နေပြည် တော်မှာ ငြိမ်းချမ်းရေးထပ်မံဆွေးနွေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေးတို့ တက်ရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ အရင်ဆွေးနွေးပွဲကနေ ရရှိထားတဲ့ သဘောတူညီချက်တွေနဲ့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီရဲ့ သဘောထားတွေကို အပြန်အလှန်ရှင်းလင်း ဆွေးနွေခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒုတိယနေ့ ဆွေးနွေးပွဲကိုတော့ ဇူလိုင် ၆ ရက်နေ့မှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ဒီတွေ့ဆုံဆွေးနွေးပွဲအပေါ် မွန်ပြည်သစ်ပါတီက တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာထားတာ မရှိသေးပါဘူး။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေးထံ သံလွင်တိုင်းမ်က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီနှောင်းပိုင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့က ၅ ကြိမ်ထက်မနည်း တက်ရောက်ဆွေးနွေးထားခဲ့ကြတာပါ။
အဲဒီထဲမှာ မွန်ပြည်သစ်ပါတီကတော့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထက် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှု အကြိမ်ရေပိုများခဲ့ပြီး အခုဆွေးနွေးမှုပါ ထည့်တွက်ရင် ၆ ကြိမ်အထိရှိ လာခဲ့တာပါ။
စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် မွန်လူထုတွေကြား ဝေဖန်ကန့်ကွက်တာတွေ ရှိခဲ့ပေမယ့် မွန်ပြည်သစ်ပါတီအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် အခိုင်အမာရပ်တည်ပြီး အစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေရှင်းသွားမယ်လို့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

