သံဖြူဇရပ်၊ ဇူလိုင်(၇)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးခန်းအဖြစ် အသုံးပြုခဲ့တဲ့ အခန်းကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက်မှာရှိတဲ့ NLD ပါတီမြို့နယ်ရုံးကို စစ်ကောင်စီက ဇူလိုင် ၅ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ လာရောက်ချိပ်ပိတ်သိမ်းဆည်းသွားခဲ့တာ ဖြစ်ပါတယ်။
ချိပ်ပိတ်ခံရတဲ့ ရုံးခန်းဟာ မြို့ခံဒေါ်မြင့်မြင့်ခိုင်ပိုင်ဆိုင်တဲ့ အခန်းအဖြစ်ပြီး စစ်ကောင်စီကဒီခန်းဟာ NLD ပါတီလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်း ငှားရမ်းသုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ချိပ်ပိတ်သိမ်းဆည်းခဲ့တာပါ။
သံဖြူဇရပ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပြင် ရာဇသတ်ကြီးဥပဒေပုဒ်မတွေနဲ့လည်း အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကလည်း စစ်ကောင်စီဟာ ကျိုက်မရောမြို့နယ် NLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်ရဲ့နေအိမ်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ချိတ်ပိတ်သိမ်းဆည်းခဲ့တာပါ။
နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှု ၆၀၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ NLD ပါတီဗဟိုက ဇွန် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SBM

