လူငယ့်ရှုထောင့်

0
15532

ယနေ့ခေတ်လူငယ်လေးများကြားတွင် ပရဟိတလုပ်ငန်းများ တွင်ကျယ်လာပြီး အပြိုင်အဆိုင် လုပ်နေကြသည်မှာ အားရဖွယ်ကောင်းလှပါတယ်။ ပရဟိတလုပ်ငန်းများတွင် လူငယ်လေးများ ဘာကြောင့် ပါဝင်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ကိုဘိုဘိုဝင်းအရေးပေါ် ကယ်ဆယ်ထောက်ပံ့ကူညီရေးအဖွဲ့မှ

ဥက္ကဌ ကိုဘိုဘိုဝင်းနဲ့ သံလွင်တိုင်းမ်တို့တွေ့ဆုံဖြစ်ခဲ့ပုံလေးကို ယခုအပတ်လူငယ့်ရှုထောင့်ကဏ္ဍမှ တင်ဆက်ပေး လိုက်ပါတယ်။

မေး – အကိုတို့အနေနဲ့ ကိုဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ထောက်ပံ့ကူညီရေးအဖွဲ့ကို ဘယ်အချိန်လောက်က စတင်ဖွဲ့စည်းခဲ့တာလဲ။
ဖြေ – အကိုတို့ဒီအသင်းကို စတင်ဖွဲ့စည်းတာက (၂၀၁၆)ခုနှစ် ဧပြီလ(၅)ရက်နေ့မှာ။ အသင်းဝင်(၅)ဦးနဲ့ ဖွဲ့စည်းခဲ့တယ်။ အဲဒီ(၅)ဦးထဲမှာမှလူငယ်လေးတွေ(၃)ယောက်ပါတယ်။

မေး – ဒီအသင်းကို အကိုတို့ကဘယ်လိုရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းခဲ့တာလဲ။
ဖြေ – အဓိကဖွဲ့စည်းဖြစ်တဲ့ရည်ရွယ်ချက်ကတော့ မွန်ပြည်နယ် မော်လမြိုင်မှာ ယာဉ်အန္တရာယ်တွေ ဖြစ်ပေါ်လာ တဲ့အခါ လူသားတွေရဲ့အသက်ကိုအချိန်မှီကယ်တင်နိုင်အောင်။ ပြီးတော့ မသေသင့်တဲ့လူနာတွေကို မသေနိုင် အောင် အကိုတို့တတ်ကျွမ်းထားတဲ့ ကယ်ဆယ်ရေး resuce ပညာတွေနဲ့ကယ်တင်နိုင်အောင်လို့ ရည်ရွယ် တယ်။ ပြီးတော့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါ ကယ်ဆယ်ရေးမှာတတ်ထားတဲ့ပညာတွေနဲ့ ပြည်သူတွေကို ပေးဆပ်နိုင်အောင်လို့ ရည်ရွယ်ပါတယ်။

မေး – အကိုတို့ အသင်းစတင်ဖွဲ့စည်းတဲ့အချိန်ကနေ ယနေ့အထိဘယ်လိုအခက်အခဲတွေကြုံရလဲ။
ဖြေ – ဘယ်လိုအခက်အခဲတွေ ကြုံရသလဲဆိုတော့ အဓိက ကတော့ငွေရေးကြေးရေး ပြသာနာပါ။ အခြားပိုင်း တွေမှာ ပြသာနာအကြီးအမားမရှိပါဘူး။ ဒီလိုပဲရင်ဆိုင်ကျော်ဖြတ်ရတယ်။ အဓိက ကတော့ ရန်ပုံငွေမရတဲ့ အတွက် ကူညီရမယ့်နေရာတွေမှာ ရန်ပုံငွေအခက်အခဲကြောင့် ထိထိရောက်ရောက် မကူညီရလိုက်တာလေး တွေရှိတယ်။

မေး – လူငယ်တွေအနေနဲ့ ဒီပရဟိတလုပ်ငန်းတွေမှာ ဘာကြောင့်ပါဝင်သင့်တယ်လို့ထင်လဲ။
ဖြေ – အကိုကတော့ ပရဟိတလုပ်ငန်းတွေမှာလူငယ်တွေ ပါဝင်သင့်တယ်လို့ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေပါဝင်လာမှပဲ အကိုတို့တတ်ထားတဲ့ ကယ်ဆယ်ရေးပညာတွေ ပရဟိတ လုပ်ငန်းတွေကို လက်ဆင့်ကမ်းပေးလို့ရမှာ။ လူငယ်တွေအနေနဲ့ ဒီပရဟိတလုပ်ငန်းတွေမှာ ပူပေါင်း ပါဝင်လာရင် ကောင်းမယ် လို့ထင်ပါတယ်။

မေး – အကိုတို့က လူငယ်လေးတွေကို ပရဟိတလုပ်ငန်းတွေကိုလက်ဆင့်ကမ်းပေးမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။
ဖြေ – အဓိက ကတော့လူငယ်တွေစိတ်ဝင်စားကြမယ့်အရာတွေမှာ ပရဟိတညီကိုမောင်နှမတွေက သူတို့ တတ်ကျွမ်းထားတဲ့ ကယ်ဆယ်ရေးပညာတွေကိုသင်ပေးမယ်။ နောက်ပြီး ဒီလူငယ် တွေရဲ့ စိတ်ထဲမှာ လူသား ချင်းစာနာထောက်ထားရမယ်ဆိုတဲ့ စိတ်လေးဖြစ်ပေါ်လာဖို့နဲ့ ပရဟိတ ဆိုတာကို ဘယ်လိုလုပ်ကိုင်ရမလဲဆို တာ၊ ဒီပရဟိတလုပ်လို့ရမယ့်အကျိုးကျေးဇူး၊ လူသားအချင်းချင်း ဘယ်လိုကူညီရမလဲဆိုတာတွေကို ကိုယ်တိုင် လက်တွေ့လုပ်လာတဲ့အခါ သိမြင်လာအောင် အကိုတို့ဆောင်ရွက်ပေးတာပါ။

မေး – ကျောင်းသားလူငယ်လေးတွေရော ပရဟိတလုပ်ငန်းတွေ လုပ်နိုင်ပါ့မလား အကို။
ဖြေ – ဘယ်သူမဆိုပရဟိတလုပ်ချင်တဲ့ စိတ်ရှိသူမှန်သမျှဒီအလုပ်ကို လုပ်နိုင်ပါတယ်။ ဥပမာပြောရရင် သူတို့ အနေနဲ့ ကျောင်းတက်တယ်။ ညနေဘက်ကျောင်းဆင်းချိန်တွေဆို အကိုတို့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ညပိုင်းဂျုတီဝင်ပေးတာတို့။ ကျောင်းပိတ်ရက်တွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ပူးပေါင်း ဆောင်ရွက်ပြီး တော့ ဘိုးဘွားရိပ်သာမှာ မိဘမဲ့ကလေးဂေဟာတွေမှာ လုပ်အားပေးတွေပြုလုပ်နိုင်တယ်။

မေး – ကျောင်းသားလူငယ်လေးတွေအတွက်အကိုပေးချင်တဲ့စကားလက်ဆောင်ရှိရင် ပါးခဲ့ပေးပါဦး။
ဖြေ – အကိုတို့နိုင်ငံမှာ အခုလက်ရှိအနေအထားကဒီမိုကရေစီနိုင်ငံတစ်ခုကို တည်ထောင်တဲ့အခါမှာ အရပ်ဘက် အဖွဲ့အစည်းရဲ့ဘယ်ကဏ္ဍမဆို ဒီလူငယ်တွေကကဏ္ဍပေါင်းစုံမှာ ပါဝင်သင့်တယ်။ အခုလက်ရှိ ပရဟိတအဖွဲ့ အစည်း တော်တော်များများမှာလည်း လူငယ်လူရွယ်တွေက အများကြီးလိုအပ်တယ်။ ကိုယ်တို့နိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်တွေ ကြုံလာတဲ့အခါမှာလည်း လူငယ်လူရွယ်တွေ လိုအပ်ပါတယ်။ ကိုယ်တို့ အသင်းအဖွဲ့မှာဆို လည်း အသက်ကြီးတဲ့သူ အတော်များနေပြီ။ သူတို့တတ်ကျွမ်းတဲ့ပညာတွေကို လူငယ်တွေကို လက်ဆင့်ကမ်း ပေးပြီး ပရဟိတလုပ်ငန်းတွေ ဒီထက်မကပိုမိုလုပ်ဆောင်စေချင်ပါတယ်။

စာဖတ်ပရိသတ်များထဲမှ ပရဟိတ အလုပ်တွေ လုပ်ချင်ပေမယ့်လည်း အချိန်မအားလပ်သည့်အတွက် ကြောင့် ရပ်ထားရသူများရှိလျှင်လည်း ယခုအပတ်တင်ဆက်မှုကို ဖတ်လိုက်ရသည့်အတွက်ကြောင့် ဘယ်အချိန် တွင် ဘယ်လိုလုပ်အားပေးမျိုးလုပ်နိုင်လဲဆိုတာ သိခဲ့ရင် အားရဝမ်းသာလှပါပြီ။ နောက်အပတ်မှာလည်း ဘယ်လိုလူငယ်တွေက ဘယ်အခန်းကဏ္ဍမှာ ဘယ်လိုပါဝင်နေသလဲ အောင်မြင်မှုရရှိရန် ကြိုးစားနေတဲ့ အကြောင်းကို တင်ဆက်ပေးမှာဖြစ်တဲ့အတွက် ဆက်လက်စောင့်မျှော် ဖတ်ရှုကြပါဦးခင်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.