မွန်ပြည်နယ် ဖွံ့ဖြိုးဖို့ ဘယ်လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံသင့်သလဲ

0
21189

၂၀၁၇ ခုနှစ်မှာ မွန်ပြည်နယ်အစိုးရအနေနဲ့ ကိုယ်တိုင်ကိုယ်ကျစီမံရတဲ့ ဘက်ဂျက်ကာလမှာ မွန်ပြည် နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာ ပြည်သူတွေက ဘယ်လိုအကြံပြုနေသလဲ သိစေလိုခြင်းကြောင့် သံလွင်တိုင်းမ်ဂျာနယ်မှ စုစည်းဖော်ပြလိုက်ရပါတယ်။

ဦးဇော်ဝင်း၊ (မြန်မာ့နှစ်ရှည်ဝန်ထမ်းဟောင်း) မုဒုံမြို့
ဦးဇော်ဝင်း၊ (မြန်မာ့နှစ်ရှည်ဝန်ထမ်းဟောင်း) မုဒုံမြို့

အဓိကတော့ ဒေသထွက်ကုန်၊ ပြည်နယ်ထွက်ကုန်ဖြစ်တဲ့ ရာဘာကဏ္ဍ၊ စပါးကဏ္ဍတွေမှာ တောင်သူတွေ အကျိုးရှိ၊ အကျိုးဖြစ်ထွန်းအောင် ပြည်နယ်အစိုးရကရော၊ ပြည်ထောင်စုအစိုးရကပါ ထုတ်ကုန်တွေကို နိုင်ငံတကာဝင်ဆန့်နိင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့လိုတယ်။ နည်းပညာပိုင်းတွေကိုလည်း ပံ့ပိုးပေးဖို့လိုတယ်။ ဒါတွေမကသေးဘူး။ ဒီလိုပြည်တွင်း၊ ပြည်ပရင်းနှံမြုပ်နှံမှုရှိဖို့ဆိုတာကလည်း ပြည်နယ်အတွင်းရှိ မြို့အသီးသီးတွေမှာ ရင်းနှီးမြုပ်နှံမှုတည်ဆောက်နိင်မည့် မြေ၊ ပြီးတော့ဒေသတွင်း အေးချမ်းမှု၊ လမ်း ပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတို့ရှိရမှာဖြစ်တယ်။

ဦးမောင်မောင်ဇော်ထွန်း (မော်လမြိုင်)
ဦးမောင်မောင်ဇော်ထွန်း
(မော်လမြိုင်)

အဓိက ကတော့လမ်းပန်းဆက်သွယ်ရေးကောင်းအောင် လုပ်ပေးရမယ်။ အသက်မွေးဝမ်းကြောင်း ပညာကို အများပြည်သူတွေ အခမဲ့သင်ကြားနိုင်မယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံသင့်တယ်။

ကိုကျော်စံဝင်း (မော်လမြိုင်)
ကိုကျော်စံဝင်း
(မော်လမြိုင်)

အဓိက ကတော့အသေးစား အလတ်စားစက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံသင့်တယ်လို့ထင်တယ်။ လက်ရှိမွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အားရနိုင်တဲ့ အခြေအနေက စက်မှုလုပ်ငန်းကြီးတွေအတွက် အဆင် မပြေ ဘူး။ ဆန်စပါးစိုက်ပျိုးရေးမှာလည်း ပြည်နယ်အတွင်းမှာတော့ လုံလောက်ပေမယ့် ပြည်ပကိုထုတ်ကုန် အဖြစ် ရောင်းချဖို့ကအခက်အခဲရှိနေသေးတယ်။ နောက်တော့ ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းနဲ့ အခြား သောဝန်ဆောင်မှုတွေဖြစ်တဲ့ ပညာရေးဝန်ဆောင်မှု ကျန်းမားရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရင်းနှီး သင့်တယ် လို့ထင်တယ်။

ဦးမောင်မောင်စိန်၊ အုပ်ချုပ်ရေးမှုး ပေါင်းရပ်ကွက်  ပေါင်မြို့နယ်
ဦးမောင်မောင်စိန်၊ အုပ်ချုပ်ရေးမှုး ပေါင်းရပ်ကွက်ပေါင်မြို့နယ်

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် ချောင်းမြောင်းတွေကောင်းအောင်စနစ်တကျစီစဉ်လုပ်ကိုင်ပေးဖို့လိုတယ်။ ရေကို ၂သီးစားစိုက်နိုင်အောင်ရဖို့လုပ်ပေးဖို့လိုတယ်။ စိုက်ပျိုးရေးထွက်ကုန်ရောင်းဖို့ ဈေးကွက်ရှာပေးသင့်တယ်။ များပြားတိုးတက်လာတဲ့လူဦးရေအတွက် နေထိုင်ဖို့နေရာပေးဖို့လိုတယ် ဥပဒေလုပ်ထုံးလုပ်နည်းဖြေလျော့ပေးရင်အဆင်ပြေမှာပါ။

ကိုအောင်မိုး၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းအဖွဲ့၊ သံဖြူဇရပ်မြို့
ကိုအောင်မိုး၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
လမ်းအဖွဲ့၊ သံဖြူဇရပ်မြို့

ပြည်နယ်ဖွံ့ဖြိုးဖို့ ဘာရင်းနှီးမြုတ်နှံမှုတွေလိုသလဲဆိုရင် ပညာတတ်တွေ အများကြီးလိုတယ်။ စက်မှု လက်မှုလုပ်ငန်းကြီးတွေလုပ်ဖို့ စက်ရုံအလုပ်ရုံတွေ တည်ဆောက်နိုင်မှ နိုင်ငံတကာနဲ့ ရင်ပေါင်တန်ပြီး လုပ်နိုင်မှ ပညာတတ်တွေနည်းပြီး စက်မှုမထွန်းကာရင် တိုးတက်ဖွံ့ဖြိုးမှုတွေရှိလာမှာမဟုတ်ဘူး။ လမ်းပန်းဆက်သွယ်ရေး ကောင်းမှ လျှပ်စစ်ဓါတ်အားတွေ အပြည့်အဝသုံးနိုင်မှ ဒေသထွက်ကုန်ပစ္စည်းတွေ အရည်အသွေးကောင်းပြီး နိုင်ငံခြားတင်ပို့မှုရှိမှ နည်းပညာတွေ ပံ့ပိုးပေးနိုင်မှ အလုပ်လက်မဲ့တွေကို အလုပ်ပေးနိုင်မှ ဖွံ့ဖြိုးမှုတွေ တိုးတက် လာမှာဖြစ်ပါတယ်။

ဦးကျော်မိုးအေး၊ လုပ်ငန်းရှင် ရေးမြို့
ဦးကျော်မိုးအေး၊ လုပ်ငန်းရှင်
ရေးမြို့

မွန်ပြည်နယ်မှာ အဓိကကတော့ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရာဘာလုပ်ငန်း၊ ငရုတ်ကောင်းတွေရှိတာပေါ့၊ ရင်းနှီးမြှုပ်နှံသင့်တာပေါ့၊ တလောက စင်္ကာပူက လေ့လာသွားချက်အရ ဒီမှာရှိနေတဲ့ ငရုတ်ကောင်းမျိုးရင်းတွေ က နိုင်ငံတကာအဆင့်ဝင်တယ်၊ သူတို့တောင်မှ ရေးကမျိုးတွေမှာသွားတာတွေရှိတယ်၊ ကိုယ့်ဆီမှာမျိုးရင်းတွေ က ရှိနေတော့ ငရုတ်ကောင်းကိုကပ်ပြီးစိုက်လို့လဲရတယ်၊ သဘာဝပတ်ဝန်းကျင်မျှတဖို့အတွက်ရော ရာဘာ တစ်ခုတည်းမဟုတ်ပဲ ကျွန်းစတဲ့ သစ်တွေကို စိုက်သွားမယ်ဆိုလို့ရှိရင် သစ်တွေရှားပါးတာတွေကိုလဲ ဖြေရှင်း နိုင်မယ်၊ နိုင်ငံခြားဝင်ငွေလဲရလာမယ်။

ဦးအောင်နိုင်ဝင်း၊ လုပ်ငန်းရှင်  ရေးမြို့
ဦးအောင်နိုင်ဝင်း၊ လုပ်ငန်းရှင်
ရေးမြို့

ဒေသထွက်ကုန်တွေကို တန်ဖိုးမြင့်ထုတ်ကုန်တွေလုပ်ဖို့ SME လုပ်ငန်းတွေများများထူထောင်ပေးရမယ်၊ ရင်းနှီးမြှုပ်နှံပေးသင့်တယ်။ နည်းပညာအထောက်အပံ့ပေးရမယ်၊ ဒေသမှာအဓိကထွက်တဲ့ ရာဘာ၊ ပင်လယ် ငါးဖမ်းလုပ်ငန်း၊ ဥယျာဉ်ခြံထွက်သီးနှံလုပ်ငန်းသစ်တောထွက်ပစ္စည်းစတဲ့ထုတ်ကုန်တွေကို တန်ဖိုးမြှင့် ထုတ် ကုန်လုပ်နိုင်ဖို့ ထူထောင်ပေးဖို့လိုပါမယ်။ အဲဒါတွေကို ကုန်ချောထုတ်ဖို့အတွက် အဓိကကတော့ အရင်းအနှီးနဲ့ နည်းပညာထောက်ပံ့ပေးသင့်ပါတယ်။

မဖြူနှင်းဦး၊ ပရဟိတလူငယ်အဖွဲ့ သံဖြူဇရပ်မြို့
မဖြူနှင်းဦး၊ ပရဟိတလူငယ်အဖွဲ့
သံဖြူဇရပ်မြို့

မွန်ပြည်နယ်ဖွံ့ဖြိုးဖို့ဆိုရင် အဓိကဒေသထွက်ကုန်ဖြစ်တဲ့ ရာဘာ စပါးတွေကို နိုင်ငံတကာက ဝယ်လို အားများအောင် လုပ်ဆောင်ပေးဖို့လိုတယ်။ သားငါးနဲ့ဆားတွေကိုလည်း ပြည်တွင်းပြည်ပဝယ်လိုအားမြင့်အောင် ဆောင်ရွက်ဖို့လိုတယ်။ လျှပ်စစ်မီးပြည့်ဝစွာသုံးစွဲနိုင်မှ ပြည်တွင်းထွက်ကုန်များလည်း အဆင်ပြေထုတ်လုပ်နိုင် ပြီး ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ထုတ်ကုန်နည်းပညာတွေ တိုးတက်ဖို့ လိုအပ်နေတဲ့ ပံ့ပိုးမှုတွေကို နိုင်ငံတော် က လိုက်လံဖြည့်ဆည့်ဆောင်ရွက်ပေးမယ်ဆိုရင် ဖွံ့ဖြိုးမှုဟာအမှန်ဖြစ်လာမှာပါ။

ဦးကျော်ဇေယျာဦး၊ ဗိသုကာအတတ်ပညာရှင် မုဒုံမြို့
ဦးကျော်ဇေယျာဦး၊ ဗိသုကာအတတ်ပညာရှင်
မုဒုံမြို့

မွန်ပြည်နယ်ဖွံ့ဖြိုးဖို့ အဓိက အခရာအကျဆုံး ရင်းနှံမြုပ်နှံရမယ့် လုပ်ငန်းတစ်ခုက ပညာရေးပဲ ပညာရေး ကဏ္ဍနှင့် တိုင်းပြည်ဖွံ့ဖြိုးမှုက ဆက်နွယ်နေတာကို တတ်၊ သိပညာရှင်တိုင်းက သိကြတယ်။ ပြီးတော့နောက်ရင်းနှံမြုပ်နှံမှုက ပြည်သူလူထုအလုပ်အကိုင်အခွင့်အလမ်းရရှိမှုနဲ့ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက်ထိရောက်သော အကောင်အထည်ဖော်မှုတွေကိုလည်းလုပ်သင့်တယ်။ နိုင်ငံခြားရင်းနှံမှုလုပ်ငန်းတွေကို မျှော်လင့်နေခြင်း ထက် ပြည်တွင်းအသေးစား၊ အလတ်စား၊ တစ်နိုင်တစ်ပိုင်စက်မှု၊ လက်မှုလုပ်ငန်းတွေ ရေရှည်လည်ပတ်နိင်ဖို့ အရေးနှင့် ဈေးကွက်ရရှိဖို့ကိုလည်း တာဝန်ရှိတဲ့အစိုးရအဖွဲ့အစည်းတွေက ဦးစား(၁)အနေနှင့် လုပ်သင့်တယ်။ ပြီးတော့ တတ်၊သိပညာရှင်တွေနဲ့ လူငယ်တွေရဲ့လူသားအကျိုးပြုတီထွင်စမ်းသပ်မှုတွေကိုလည်း အသိအမှတ်ပြုအားပေး လက်ခံမှုတွေလည်းရှိသင့်တယ်။ ပြည်သူလူထုနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးကို အကျိုးဖြစ်စေမယ့်ထုတ်ကုန်လုပ်ငန်းတွေ အရည်အသွေးမြင့်မားဖို့လိုအပ်တဲ့ ပညာပေးမှုတွေ၊ နည်းပညာပိုင်းနှင့် စက်မှုပိုင်းဆိုင်ရာတွေကို လည်း တစ်စုံတစ်ရာရင်းနှံမြုပ်နှံမှုလည်း ပြုလုပ်ပေးသင့်တယ်။

ဦးအုန်းသိန်း ကျန်းမာရေးမှုးငြိမ်း   ပေါင်မြို့နယ်
ဦးအုန်းသိန်း ကျန်းမာရေးမှုးငြိမ်း
ပေါင်မြို့နယ်

စက်မှုလယ်ယာပီပြင်အောင်လုပ်ရမယ်။ နည်းစနစ်သစ်တွေ ပညာပေးတာ အသေးစား ကောက်စိုက် စက် ရိတ်သိမ်းစက်တွေ တန်ဘိုးသင့်နဲ့ဝယ်နိုင်အောင်စီစဉ်ပေးသင့်တယ်။ လုပ်သားရှားပါးလာတဲ့ အပေါ် အဲဒါတွေက ခုမိကာမိသွားမယ်။ ချောင်းဆုံမြို့နယ်မှာ အဆင့်မြင့်အပန်းဖြေစခန်းလုပ်သင့်တယ်။ တံတားပြီးရင် နိုင်ငံတကာက လာနိုင်တော့မယ်။ အဲ့ဒီအတွက် သယ်ယူပို့ဆောင်ရေးယာဉ်တွေအဆင့်မြှင့်ဖို့လိုမယ်။ လမ်းတွေ အဆင့်မြှင့်ထားသင့်တယ်။ ကျန်းမာရေးကဏ္ဍမှာ ဝန်ဆောင်မှုကောင်းတဲ့ ဆေးကုသမှုအတွက် အစိုးရက စီစဉ် တဲ့ဟာတွေ ထားသင့်နေပြီ။ စက်မှုလုပ်ငန်းအသေးစားတွေကို အခွန်အခ ဖြေလျော့ပေးတာ လိုအပ်တဲ့ မတည် ထောက်ပံ့တာတွေလုပ်ပေးသင့်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.