တိုကျို ၊ အောက်တိုဘာ ၆
ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အမည်ပျက်စာရင်းကနေ မြန်မာကို ဖယ်ရှားပေးရေး တွန်းအားပေးနေတယ်ဆိုတဲ့ သတင်းကို ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပယ်ချလိုက်ပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး အထူးအဖွဲ့ FATF ရဲ့ အမည်ပျက် စာရင်းကနေ မြန်မာကို ဖယ်ရှားပေးရေး တွန်းအားပေးနေတဲ့ နိုင်ငံတွေထဲမှာ ဂျပန် နိုင်ငံပါဝင်နေတယ်လို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြခဲ့ပြီးနောက်မှာ ဂျပန်ရဲ့ ငြင်းဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပြီး ပြည်တွင်းစစ် ဖြစ်လာချိန် ၂၀၂၂ ခုနှစ်က အမည်ပျက်စာရင်းမှာ ထည့်သွင်းခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီ အမည်ပျက်စာရင်းက ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုကို ဘဏ္ဍာငွေ ထောက်ပံ့မှုတွေ ရှောင်ရှားဖို့ မြန်မာနဲ့ ဘဏ္ဍာရေး အပေးအယူ လုပ်မယ့် နိုင်ငံတွေ အဆင့်မြင့် စစ်ဆေးမှု ပြုလုပ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။
FATF အမည်ပျက်စာရင်းကနေ မြန်မာကို ဖယ်ရှားရေး ဂျပန်အစိုးရက ကြိုးပမ်းနေတာ မရှိကြောင်း၊ မြန်မာအနေနဲ့ ငွေကြေး ခဝါချမှုနဲ့ ဆက်စပ် တရားမဝင်လုပ်ရပ်တွေကို တားဆီးရေး သူတို့ရဲ့အစီအစဉ်တွေ အားကောင်းလာအောင် လိုအပ်တဲ့ တိုးတက်မှုတွေပြုလုပ်လိမ့်မယ်လို့ ဂျပန်က မျှော်လင့်ကြောင်း ဂျပန် ဝန်ကြီး ဌာနက ရိုက်တာ သတင်းဌာနထံ ပေးပို့ထားတဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က ပါရီမြို့မှာ တံခါးပိတ် ကျင်းပခဲ့တဲ့ အဖွဲ့ဝင် ၄၀ ပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ရဲ့ အစည်းအဝေးပြီးနောက် အမည်ပျက် စာရင်းမှာ မြန်မာ ပါဝင်နေဆဲ ဖြစ်ပါတယ်။
မြန်မာကို အမည်ပျက် စာရင်းကနေ ဖယ်ရှားပေးစေလိုကြောင်း ပါရီမြို့ အစည်းအဝေးမှာ တောင်းဆိုခဲ့တာ မရှိဘူးလို့ ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က အမည်ပျက် စာရင်းကနေ မြန်မာကို ဖယ်ရှားရေး မိမိတို့ ကြိုးပမ်းမှုတွေကို အမျိုးမျိုးသော ခင်မင်တဲ့ နိုင်ငံတွေက ထောက်ခံကြောင်း ပြောထားပါတယ်။
အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားတို့က မြန်မာရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြောင်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေ တိုးတက်လာမှုကို အသိအမှတ်ပြုပေးတဲ့အတွက် အဲဒီ နိုင်ငံတွေ အားလုံးကို မိမိတို့ ကျေးဇူးတင်ကြောင်း စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပေမယ့် အသေးစိတ်ကို မပြောပါဘူး။
FATF တာဝန်တွေကို လိုက်နာရေးနဲ့ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ FATF အဖွဲ့ဝင် နိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ရေး မြန်မာကို တိုက်တွန်းထားကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြောရေးဆိုခွင့်ရှိသူက ပြောကြားတဲ့ တခြား နိုင်ငံများအားလုံးကတော့ မှတ်ချက် မပေးသလို မေးမြန်းမှုကို တုံ့ပြန်မှု မရှိတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
Ref: Reuters

