ဘေဂျင်း၊ နိုဝင်ဘာ ၆
နယ်စပ်ဖြတ်ကျော် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဥပဒေအသစ် တစ်ရပ်ကို တရုတ် အစိုးရက အတည်ပြု ပြဌာန်းလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာန ဆင်ဟွာက နိုဝင်ဘာ ၆ ရက်မှာ ဖော်ပြပါတယ်။
အဲဒီ ဥပဒေ အသစ်က နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးကို စောင့်ရှောက်ပြီး နယ်စပ်ဖြတ်ကျော် အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရေး ရည်ရွယ်တာ ဖြစ်တယ်လို့ ဆင်ဟွာက ဖော်ပြထားပါတယ်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ ခေါင်းဆောင်ပိုင်းရဲ့ အဓိက အာဘော်တွေထဲက တစ်ခု ဖြစ်ပါတယ်။
ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့နေ့စဉ် သတင်းစာက နိုဝင်ဘာ ၅ ရက်မှာ ဖော်ပြတဲ့ ဆောင်းပါး တစ်ပုဒ်ထဲ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ထိပ်တန်းအရာရှိ လီရှီက နယ်စပ် ဖြတ်ကျော် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး၊ ဝရမ်းပြေးတွေကိုခြေရာခံရှာဖွေ ဖမ်းဆီးရေး၊ လေကြာင်းခရီးစဉ်တွေကို ကြိုတင် ကာကွယ်ရေး၊ တရားမဝင် ပိုင်ဆိုင်မှုတွေကို ပြန်လည် ရယူရေးနဲ့ နယ်စပ်ဖြတ်ကျော် အကျင့်ပျက်ခြစားမှုတွေအတွက် ဥပဒေ စည်းကြပ်မှု ပိုမိုအားကောင်းလာစေရေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် သြဂုတ်လက ပြန်လည် သုံးသပ်ခဲ့တဲ့ ဥပဒေကြမ်း ဖြစ်တဲ့ အဲဒီ ဥပဒေပြုချက်က ပိုမို မျှတတဲ့ ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက် ခြစားမှု အုပ်ချုပ်ရေးစနစ် ဖွံ့ဖြိုးလာစေရေး ထောက်ကူပေးမယ့် သတ်မှတ်ချက် အပါအဝင် ဥပဒေရဲ့ အတိုင်းအတာ ပိုမို ကျယ်ပြန့်လာစေရေး အခုလအတွင်း ပြန်လည် သုံးသပ်ခဲ့ပြီး အတည်ပြုခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ္။
ပြန်လည် သုံးသပ်ချက်များအရ ယုံကြည်မှုဆိုင်ရာ လိုအပ်ချက်တွေကို ပိုမို တင်းကြပ်ထားပြီး စုံစမ်း စစ်ဆေးရေးမှူးတွေအနေနဲ့ နိုင်ငံတော် လျှို့ဝှက်ချက်တွေ၊စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက်တွေနဲ့ စုံစမ်းစစ်ဆေးမှုတွေအတွင်း ရရှိတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ကာကွယ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
သမ္မတ ရှီကျင့်ဖျင်ရဲ့ ကျယ်ပြန့်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်ကြောင့် တရုတ် ထိပ်တန်း အရာရှိ အများအပြား အရေးယူခံခဲ့ရပြီး ဖြစ်ပါတယ်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဟာ တရုတ် ကွန်မြူနစ်ပါတီ အနာဂတ် အတွက် အရေးကြီးတဲ့ ကိစ္စကြောင်းနဲ့ ရာထူး ကြီးငယ်မရွေး အရေးယူသွားမှာ ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောထားပါတယ်။
Ref:Reuters

