မော်လမြိုင် ၊ နိုဝင်ဘာ ၅
စစ်တပ် အသွင်ပြောင်း စစ်အစိုးရက အပြောင်းအလဲ ခန့်အပ်ခဲ့တဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ရဲထွဋ် လက်ထက်မှာလည်း လောင်းကစားဝိုင်း ပါမစ်တွေ ဆက်တိုက်ချပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ရဲထွဋ်ဟာ အရင် နယ်လုံ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့်အစား ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခံခဲ့ရပါတယ်။
နယ်လုံ ဝန်ကြီး အပြောင်းအလဲ ဖြစ်သွားပေမယ့် လောင်းကစားဝိုင်းတွေ ပိတ်သိမ်းခိုင်းတာ မရှိဘဲ ဒေသတွင်းမှာတော့ ပွဲတော်ကာလအကြောင်းပြချက်နဲ့ မော်လမြိုင်မြို့ကလွဲပြီး ကျန်တဲ့ မြို့နယ်တွေမှာ လောင်းကစားဝိုင်းတွေကို အကြီးအကျယ် ခွင့်ပြုပေးထားပါတယ်။
လောင်းကစားဝိုင်း ပါမစ်တွေကိုတော့ ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးအသစ် ဗိုလ်မှူးကြီး ရဲထွဋ်ရဲ့ ခွင့်ပြုချက်နဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲမှူးတွေက ပါမစ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။
မွန်ဒေသခံ တစ်ဦးကတော့ လောင်းကစားဝိုင်းတွေကို ပြန်လည် ခွင့်ပြုပေးထားတာကြောင့် ခိုးဆိုးလုယက်မှုတွေ တစ်ကျော့ပြန် အဖြစ်များလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လောင်းကစားဝိုင်းမှာ ပွဲသွင်းပြီးတော့ ပွဲနာမည်ခံပေါ့။ ကစားဝိုင်းတွေ ဖွင့်ထားတာတယ်။လောင်းကစားဝိုင်းတွေ ပြန်စတော့ ကျွန်တော်တို့ မြို့နယ်မှာ သူခိုးဂျပိုးတွေ ပြန်များလာတယ်။ လောင်းကစားဝိုင်း မရှိတဲ့ အချိန်တော့ သိပ်မပေါဘူး။ အခုက ပိုဆိုးလာတယ်”လို့ သူက ဆိုပါတယ်။
လောင်းကစားဝိုင်းတွေကိုတော့ စစ်အစိုးရ လက်အောက်ခံ ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင် တွေက လုံခြုံရေး ယူပြီး ကာကွယ်ပေးဖို့မှုအပေါ် ဒေသခံပြည်သူတွေအကြား မေးခွန်းဝေဖန်တာတွေ ရှိနေပါတယ်။
မွန်ပြည်နယ်မှာ ရက်ရှည်လများ တရားဝင်သဖွယ် ခွင့်ပြုပေးထားတဲ့ လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင်ရေး အဆိုကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ အစိုးရအဖွဲ့ ဝန်ကြီးတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံး ကန့်ကွက်သူမရှိ အတည်ပြုထားတာပါ။
ဒါပေမယ့် မွန်ပြည်နယ်မှာတော့ သီတင်းကျွတ်ပွဲတော်ကာလစလို့ ဒေသတွင်းမှာ လောင်းကစားဝိုင်းတွေ ပြန်လည်ကျင်းပနေမှုအပေါ် အစိုးရအဖွဲ့ ဝန်ကြီးတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံးက မသိကျေးကျွန်ပြုပြီး နှုတ်ဆိတ်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

