ထားဝယ်၊ နိုဝင်ဘာ ၅
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် မြို့အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီတွေကို အချိန်အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်တွေမှာ အပူချိန်မြင့်မားမှုကြောင့် နိုဝင်ဘာ ၂ ရက်နေ့ကစလို့ စက်သုံးဆီရောင်းချမှုကို မနက် ၆ နာရီမှ နေ့လည် ၁၁ နာရီ၊ ညနေ ၃ နာရီမှ ညပိုင်းအထိ အချိန်အကန့်အသတ်နဲ့သာ ရောင်းချပေးတော့မယ်လို့ ရပ်ကွက်တွေမှာ လိုက်လံကြေညာထားတာပါ။
ထားဝယ်မြို့ပေါ်က စက်သုံးဆီဆိုင်တွေဖြစ်တဲ့ DDPC၊ Petro Green နဲ့ 81 စတဲ့ စက်သုံးဆီအရောင်းကြီးတွေမှာလည်း စက်သုံးဆီရောင်းချမှုကို နေ့လည် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ရပ်နားထားတယ်လို့ မြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်မြို့ပေါ်မှာ စူပါအယ်လ်နီညိုကြောင့် နိုဝင်ဘာ ၁ ရက်နေ့မှာ အပူချိန်ဟာ ၃၇ ဒဿမ ၈ ဒီဂရီဆဲလ်စီးရပ်အထိ စံချိန်တင်မြင့်တက်လာတာပြီး စက်သုံးဆီဆိုင် ဘေးကင်းလုံခြုံရေးအတွက် အချိန်အကန့်အသတ်နဲ့ ရောင်းချပေးရတာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
ပြင်းထန် စူပါအယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနိုင်ပြီး အပူချိန်မြင့်မားမှုကြောင့် လူဦးရေ သိန်းနဲ့ချီ သေဆုံးနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ကတော့ အယ်လ်နီညို ရာသီဥတုကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ရေနဲ့စားနပ်ရိက္ခာ ကြိုတင်စုဆောင်းထားဖို့နဲ့ အပူရှောင်စခန်းတွေ ဖွင့်လှစ်ဖို့ ညွှန်ကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

