ကျိုက်ထိုမှာ အင်အားတစ်ထောင်ကျော်နဲ့ စစ်တပ်စစ်ကြောင်းထိုးနေပြီး ဒေသခံ ၅၀ ကျော် ဖမ်းဆီးခံထားရ

ကျိုက်ထို၊ နိုဝင်ဘာ ၅

မွန်ပြည်နယ်မှာ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်း စစ်တပ်က အထူးစစ်ဆင်ရေးအဖြစ် အင်အား တစ်ထောင်ကျော်နဲ့ စစ်ကြောင်းထိုးလာပြီး ပြည်သူ ၅၀ ကျော် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား တစ်ထောင်ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းကစလို့ ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းကျေးရွာကနေ ဇီးပြောင်း(၅) ကျေးရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်တာပါ။

စစ်ကြောင်းဝင်ရောက်စဉ် အာဏာသိမ်း စစ်တပ်ဟာ ဇီးပြောင်း(၁)ကျေးရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး သုံးလုံး လာရောက်ကြဲချခဲ့သလို ကျိုက်ထိုအခြေစိုက် တပ်ရင်းတွေကနေလည်း လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်တပ်စစ်ကြောင်းဟာ စစ်ကြောင်းထိုးလာစဉ် ဝါးဒက်ကွင်းနဲ့ညောက်ကြက်ကျေးရွာက ဒေသခံ အမျိုးသား၊အမျိုးသမီး ၅၀ ကျော်ကို ဖမ်းဆီးထားပြီး ဝါးဒက်ကွင်းကျောင်းသစ် ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံ နှစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်း ဖမ်းဆီးထားတဲ့ ဒေသခံတွေဟာ ရွှေတွင်းလုပ်သားတွေ၊ ရော်ဘာခြံလုပ်သားတွေ၊ ပန်းရံအလုပ်သမားတွေနဲ့ ခရီးသွားပြည်သူတွေလည်း ပါဝင်ပါတယ်။

အာဏာသိမ်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နိုဝင်ဘာ ၃ ရက်နေ့က ညောင်ကြက်ကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပေမယ့် စစ်ကြောင်းဟာ ဇီးပြောင်း (၅)ကျေးရွာကို ရောက်ရှိနေပြီး နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းအထိ ကျေးရွာမှာပဲ အထိုင်ချထားတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ ဒီစစ်ကြောင်းမှာ ရန်ကုန်နဲ့ပဲခူးတိုင်းက တပ်ရင်းတွေလည်း ပါဝင်ပြီး သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ နဲ့ အမတ ၃၁၀ တပ်ရင်းတွေမှာ အင်အားစုဖွဲ့ပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဝါးဒက်ကွင်း၊ ကညင်အိုင်၊ ဇီးပြောင်း (၁)ကနေ ဇီးပြောင်း(၆)ကျေးရွာ၊ ဝင်းကံ၊ ကျောက်ရေတွင်း၊ ပျဉ်းကတိုးကုန်း၊ ပိန္နဲကုန်းအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူ ၁၅၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်တပ် စစ်ကြောင်းစထိုးတဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ် အခိုင်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူ ထိမှန်ဒဏ်ရာရှိခဲ့ကာ ဇီးပြောင်း(၁)ကျေးရွာမှာလည်း လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.