ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၇ ဦး သေဆုံး

မကွေး နိုဝင်ဘာ ၄

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ ပုဂံညောင်ဦးလေဆိပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးဟာ ပေါက်မြို့နယ်တောင်ပိုင်းက ကျောက်ခွက်၊ အိုင့်ကျယ်နဲ့ လယ်လန်းကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ကျောက်ခွက်ရွာမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင်လယ်လန်းရွာက အသက် ၉၀ အရွယ် မျက်စိမမြင်ရတဲ့ အဘွားအိုတစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ကိုရင်ကြီးတစ်ပါးအပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လူနေအိမ်တွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပေါက်မြို့နယ်အတွင်း နိုဝင်ဘာ ၃ ရက်နေ့ တစ်ရက်တည်းမှာပဲ ဂျက်ဖိုက်တာ၊ Mi-35 ရဟတ်ယာဉ်၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ကပစ ၂၄ လက်နက်စက်ရုံက လက်နက်ကြီးတွေ အသုံးပြုပြီး စုစုပေါင်း ၉ ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ဝန်ခြုံး၊ ကျောက်ခွက်၊ အိုင့်ကျယ်၊ သီးချောက်၊ သရဖီနဲ့ လယ်လန်းကျေးရွာတွေက အိမ်ထောင်စု ၉၅၈ စု၊ လူဦးရေ ၃,၃၄၁ ဦးဟာ နေအိမ်တွေမှာ ဆက်လက်နေထိုင်ဖို့ မလုံခြုံတော့တာကြောင့် တောတောင်တွေကြားကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.