မော်လမြိုင်၊ နိုဝင်ဘာ ၄
စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က အဂတိလိုက်စားမှု ကင်းစင်ရေးအတွက် ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ် ခေါ်ယူကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒီအစည်းအဝေးကိုတော့ မနေ့ နိုဝင်ဘာ ၃ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့တာ ဖြစ်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း လက်ထက်မှာ ပထမဆုံး ကျင်းပတဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးအောင်ဝင်သန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့အနေနဲ့ ဌာနဆိုင်ရာအဆင့်ဆင့် ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို အဂတိလိုက်စားမှု ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။
ဒါ့အပြင် မွန်ပြည်နယ်မှာ အဂတိလိုက်စားမှုတွေ လျော့နည်းပပျောက်သွားစေရေးအတွက် ဘက်ပေါင်းစုံမှ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ် ဦးအောင်ဝင်သန်းက ပြောဆိုခဲ့ပါတယ်။
မွန်စစ်အစိုးရက အဂတိလိုက်စားမှု ကင်းစင်ရေးအတွက် အစည်းအဝေး ခေါ်ယူကျင်းပမှုဟာ ဟန်ပြအစည်းအဝေးသာ ဖြစ်ပြီး လက်တွေ့မှာတော့ ဌာနဆိုင်ရာ အကြီးအကဲတွေကနေ အောက်ခြေဝန်ထမ်းအထိ အဂတိလိုက်စားမှုကို ဆိုးဆိုးဝါးဝါး ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တဖက်မှာလည်း စစ်အစိုးရဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ အသိပညာပေး ဟောပြောပွဲတွေ လုပ်ဆောင်နေပေမယ့် စစ်တပ်အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းအဆင့်ဆင့်ရဲ့ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် အရေးယူတာ မရှိသေးပါဘူး။
သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုအလွန်နဲ့ စစ်အစိုးရ လက်ထက်မှာ အဂတိလိုက်စားမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး အဆိုးဝါးဆုံး အခြေအနေ ရောက်ရှိလာတယ်လို့ ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

