ကျိုက်ထို ဇီးပြောင်းရွာ လေကြောင်းဗုံးကြဲခံရ

ကျိုက်ထို၊ နိုဝင်ဘာ ၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇီးပြောင်း(၁)ကျေးရွာမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မနေ့ နိုဝင်ဘာ ၃ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ တိုက်ပွဲမရှိဘဲ ဇီးပြောင်း(၁) ကျေးရွာကို လေကြောင်းကနေ ဗုံး သုံးလုံး လာရောက်ကြဲချသွားတာပါ။

လေကြောင်းဗုံးကြဲမှုကြောင့် ဇီးပြောင်း(၁)ကျေးရွာနေ အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦးနဲ့အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းဗုံးကြဲမှုအတွင်း ဇီးပြောင်း(၁)ကျေးရွာက သစ်စက် တစ်လုံး၊ နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေပိုင်းကလည်း ကျိုက်ထိုအခြေစိုက် အမှတ် ၄၄ တပ်ရင်းဌာနချုပ်ကနေ ဇီးပြောင်း(၁)ကျေးရွာကို လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ အာဏာသိမ်း စစ်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးအပါအဝင်လေကြောင်းဗုံးကြဲမှုတွေကြောင့် အောက်တိုဘာလ တစ်လအတွင်း အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အလုံး ၂၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံမှုနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခက်အခဲ ပိုမိုကြုံတွေ့နေရတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.