ဘားအံ၊ နိုဝင်ဘာ ၅
ကရင်ပြည်နယ်နေ့ပွဲတော်ကို တစ်ပတ်နီးပါးကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်နယ်အတွင်း ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လည်ပတ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့ စစ်အစိုးရခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောလိုက်ပါတယ်။
ကရင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းဟာ အရှိန်အဟုန်ကောင်းစွာနဲ့ အကောင်းဆုံးခရီးစဉ်နေရာမှာ တည်ရှိနေပြီး သဘာဝကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်းဖြစ်တဲ့အတွက် ခရီးသွားဧည့်သည်တွေကြားမှာ ရေပန်းအစားဆုံး၊ အအောင်မြင်ဆုံး ခရီးစဉ်တစ်ခုအဖြစ် တည်ရှိနေတယ်လို့ ဦးစောမြင့်ဦးက ဆိုပါတယ်။
လာမယ့်နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားပွဲတော်ကို နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်နေ့အထိ ၆ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးမှာဖြစ်ပြီး ပြည်နယ်နေ့မှာ အားကစားပြိုင်ပွဲ၊ ရိုးရာဒုံးအကပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေလည်း ပြုလုပ်မှာဖြစ်ပါတယ်။
လက်ရှိ အယ်နီညိုဝင်ရောက်လာပြီဖြစ်တာကြောင့် ခရီးစဉ်တွေမှာ ရုပ်ဆိုးအကျည်းတန်မှု မဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ လိုအပ်ပြီး သံလွင်မြစ်ရေမှာလည်း အခုနိုဝင်ဘာလမှာ သောင်ထွန်းလာပြီဖြစ်ရာ ခရီးစဉ်တွေအတွက်လည်း ကြိုတင်ထိန်းသိမ်းဆောင်ရွက်မှုတွေ ပြုလုပ်ထားစေလိုတယ်လို့ ဦးစောမြင့်ဦးက တိုက်တွန်းပါတယ်။
ကရင်ပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရှိရင်းစွဲခရီးစဉ်ဒေသတွေအပြင် အသစ်အသစ်တွေ ထပ်မံဖော်ထုတ်ဆောင်ရွက်သွားကြဖို့ လိုအပ်ပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်မှုရှိစေရေး၊ သန့်ရှင်းသာယာလှပသော ခရီးစဉ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ဖို့ ဦးစောမြင့်ဦးက ပြောကြားခဲ့ပါတယ်။
၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်မတိုင်ခင် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ဘားအံ-သထုံ ကားလမ်းမကြီးပေါ်မှာရှိတဲ့ သံလွင်တံတား(ဘားအံ)နဲ့ ဒုံသမိတံတား ဖွင့်ချိန်ကို တိုးမြှင့်လိုက်ပြီး သံလွင်တံတားကို မနက် ၅ နာရီကနေ ည ၁၀ နာရီအထိနဲ့ ဒုံသမိတံတားကို မနက် ၅ နာရီကနေ ၈ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်တာပါ။
ကရင်ပြည်နယ်စစ်အစိုးရဟာ ကရင်ပြည်နယ်နေ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဖို့နဲ့ ပြည်နယ်အတွင်း ခရီးသွားပြည်သူတွေ ပိုမိုလာရောက်လည်ပတ်ရေး လုပ်ဆောင်ပေးကြဖို့ ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုက်တွန်းပြောပေမယ့် တဖက်မှာ ယာဉ်ထိန်းရဲ့အဖွဲ့က လိုင်စင်မဲ့ယာဉ်တွေ လိုက်လံဖမ်းဆီးတာတွေလည်း ဆက်ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ် ဘားအံမြို့မှာ အာဏာသိမ်း စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုရှိနေတယ်လို့ ပြောဆိုမှုတွေရှိနေကြပြီး ပေါ်တာဆွဲဖမ်းဆီးမှုတွေ မရှိကြောင်း ပြည်နယ်စစ်အစိုးရဘက်က ပြန်လည်ငြင်းချက်ထုတ်ပြန်ထားတာပါ။
ကရင်ပြည်နယ်အတွင်း လာရောက်လည်ပတ်သူတွေအပေါ် သံလွင်တံတားမှာ စစ်တပ်ပူးပေါင်းအဖွဲ့က လုံခြုံရေးလို့ အကြောင်းပြပြီး တင်းကြပ်စွာစစ်ဆေးမေးမြန်းတာတွေ အထောက်အထားမပြည့်စုံပါက ငွေကြေးတောင်းယူနေတာကြောင့် ခရီးသွားပြည်သူတွေအတွက် အခက်အခဲတွေဖြစ်ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

