အခြေခံပညာကျောင်းတွေမှာ စစ်မှုထမ်းဥပဒေကို သင်ကြားပို့ချနေ

နေပြည်တော် ၊ အောက်တိုဘာ ၅

အာဏာသိမ်းစစ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအောက်က အခြေခံပညာကျောင်းတွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကိုယ်တိုင်ခန့် သမ္မတရဲ့ လမ်းညွှန်ချက်နဲ့ သင်ကြားပို့ချနေတယ်လို့ လွှတ်တော်အစည်းအဝေးမှာ ပညာရေးဒုဝန်ကြီးရဲ့ ဖြေကြားချက်အရ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ မြို့သစ်မဲဆန္ဒနယ်က ဦးစိုးဝင်းရဲ့ ဥပဒေပညာဘာသာရပ်ကို အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းတွေမှာ သင်ကြားနိုင်ရေးနဲ့ပတ်သက်လို့ မေးမြန်းမှုအပေါ် ဖြေကြားခဲ့တာပါ။

စစ်အစိုးရခန့် ပညာရေးဒုဝန်ကြီး ဦးနေမျိုးလှိုင်က အဆင့်မြင့်ပညာဦးစီးဌာနအနေနဲ့ တက္ကသိုလ်တွေမှာ ဖွဲစည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအပါအဝင် သိသင့်သိထိုက်တဲ့ ဥပဒေတွေနဲ့ပတ်သက်လို ဥပဒေပညာ အသိပညာပေးအစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခြေခံပညာအလယ်တန်းဆင့် Grade-8 နဲ့ Grade-9 မှာ စာရိတ္တနဲ့ ပြည်သူ့နီတိဘာသာရပ်တွေ သင်ကြားပို့ချပေးနေပြီး အခြေခံပညာအထက်တန်းဆင့် အတန်းတွေမှာတော့ စာရိတ္တနဲ့ ပြည်သူ့နီတိဘာသာရပ်တွေ သင်ကြားပို့ချပေးနေတာပါ။

ဒါ့အပြင် ဥပဒေရေးရာဝန်ကြီးဌာနက ပြုစုထားတဲ့ ဥပဒေအသိပညာသင်ရိုးညွှန်းတမ်းပါ သင်ခန်းစာတွေကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ စတင်ပို့ချပေးနေကြောင်းနဲ့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မွန်ဒေသခံပြည်သူတစ်ဦးက ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာ စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး အထက်တန်းကလေးတွေကို သင်ကြားပေးနေတာဟာ စစ်သွေးဝင်အောင် ခေါင်းထဲရိုက်သွင်းတာဖြစ်လို့ မဖြစ်သင့်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလိုမျိုး ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန် ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတစ်ခုအနေနဲ့ စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး လက်ရှိ အထက်တန်းကျောင်း ကလေးတွေကို သင်ကြားပေးနေတာက ပြည်သူတစ်ယောက်အနေနဲ့ဆို ဒါမဖြစ်သင့်သေးဘူးလို့ပဲ ထင်တယ်။ မဖြစ်လည်း မဖြစ်သင့်ဘူး။ ဘာလို့ဆို ကလေးတွေကို စစ်စိတ်စစ်မာန် စစ်သွေးတွေဝင်အောင် နုနယ်တဲ့ ဦးနှောက်ထဲကို ရိုက်သွင်းပြီးတော့ တခြားအကြောင်းအရာတွေ ခေါင်းထဲ ရောက်သွားစေနိုင်အောင် ပြောတယ်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ ကန့်ကွက်တာပေါ့နော်”လို့ ဆိုပါတယ်။

စစ်အစိုးရရဲ့ ဥပဒေရေးရာဝန်ကြီးဌာနကနေ ထုတ်ဝေတဲ့ ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာတွေကို အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11၊ Grade-12 တန်းတွေအလိုက် သင်ခန်းစာခေါင်းစဉ်တွေကို ခွဲခြားပြီး တစ်နှစ်မှာ စာသင်ချိန် ၂၄ ချိန် သင်ကြားပို့ချပေးနေတာပါ။

အဲဒီထဲမှာ Grade-12 တန်းကိုတော့ ဥပဒေအသိပညာသင်ရိုးညွှန်းတမ်းမှာ ပါတဲ့ အခန်း ၆ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း ၆ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အခန်း ၈ ပြည်သူ့စစ်မှုထမ်းဥပဒေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ သမိုင်းကြောင်း၊ စစ်မှုထမ်းရမယ့် အသက်အရွယ်၊ စစ်မှုထမ်းကာလ၊ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွေ့ဆိုင်းခွင့်တွေ အပါအဝင် ပြစ်မှုနဲ့ပြစ်ဒဏ်တွေကိုလည်း ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်တွေဟာ ပညာရေးကို ဦးစားပေးရမယ့်အချိန်မှာ စစ်ရေးကို ဦးစားပေးနေရတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုဟာက ပညာရေးကို ဦးစားပေးရမယ့်အချိန်မှာ စစ်ရေးကို ဦးစားပေးနေရတဲ့ပုံစံမျိုး ဖြစ်နေတယ်ဗျ။ ပညာရေးက တိုင်းပြည်ရဲ့ အဓိက အနာဂတ် လူငယ်တွေပေါ့။ တိုင်းပြည်ရဲ့ အနာဂတ်က လူငယ်တွေလို့ လူကြီးတွေက ခဏခဏပြောနေတယ်။ ဒီစစ်မှုထမ်းဥပဒေက တကယ်တမ်း တိုင်းပြည်ရဲ့ အနာဂတ်လား ပညာရေးက အနာဂတ်လား။ နောက်ပြီးတော့ စစ်မှုထမ်းဥပဒေ နည်းဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့လား ဒါတွေက ဥပဒေပြဌာန်းတဲ့အချိန်မှာ အဓိကပေါ့”လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေဟာ လက်ရှိအနေအထားအရ ပြည်သူတွေက လက်ခံထားတာ မဟုတ်တဲ့အတွက် ဥပဒေ၊နည်းဥပဒေပါ ပြဌာန်းချက်တွေအတိုင်း လုပ်ဆောင်နေတာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် လူငယ်တွေဟာ ရရာလမ်းကြောင်းတွေနဲ့ စစ်မှုထမ်းတိမ်းရှောင်ဖို့ ပညာရေးကို ကျောခိုင်းပြီး ပြည်ပကို ထွက်ခွာကြလို့ တိုင်းပြည်မှာ လူငယ်တွေ လျော့ပါးလာတယ်လို့ ထောက်ပြထားတာပါ။

အာဏာသိမ်း စစ်တပ်အနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေကြောင့် စစ်ကောင်စီလက်ထက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး လူငယ်လူရွယ်တွေကို နည်းပေါင်းစုံနဲ့ စစ်မှုထမ်းထဲ သွတ်သွင်းနေတာ ဒီကနေ့တိုင်ပါ။

အခုဆိုရင် စစ်မှုထမ်းအပတ်စဉ် ၃၀ အထိ ရောက်ရှိလာပြီး စစ်မှုထမ်းအကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားလူငယ်တွေကို သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်ရာမှာ ပြန်ပေးဆွဲ ဖမ်းဆီးတာ လူကုန်ကူးပြီး ရောင်းစားတာတွေအထိ လုပ်ဆောင်လာနေပါတယ်။

ဒါဟာ မြေပြင်မှာ လိုအပ်နေတဲ့ တိုက်ခိုက်ရေးအင်အားအတွက် လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းရေးတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူတွေက လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ISP-Myanmar ကတော့ စစ်မှုထမ်းပေါ်တာဆွဲမှုတွေကြောင့် နေ့စဉ်နဲ့အမျှ လူထုအကြား ကျီးလန့်စာစား ဖြစ်နေရပေမဲ့ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ”လို့ ကြွေးကြော်ထားတဲ့ လွှတ်တော်တွေမှာတော့ ဒီအရေးကိစ္စဟာ ရှေ့တန်းရောက်မနေဘူးလို့ ထောက်ပြထားတာပါ။

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ လေ့လာမှုတွေအရ စစ်တပ်ဟာ အပတ်စဉ်တစ်ခုမှာ တပ်သားသစ် ပျမ်းမျှ ၄,၇၀၀ ကျော် စုဆောင်းခဲ့တာကြောင့် အပတ်စဉ် ၂၉ အထိဆိုရင် လူပေါင်း ၁၃၆,၃၀၀ ကျော်အထိ စုဆောင်းခံထားရနိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.