ဖုန်းလိုင်း ခိုးနားထောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်ဒိုနီးရှား သမ္မတက ဦးစီးအရာရှိချုပ်ကို ထုတ်ပယ်

ဂျကာတာ ၊ နိုဝင်ဘာ ၄

အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယံတိုက သူ့ရဲ့ ဦးစီးအရာရှိချုပ် လစ်ဆို ဆီဂျစ် ပရာဘိုဝိုကို ဖုန်းလိုင်းခိုးနားထောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာ ၄ ရက်မှာ ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

သမ္မတ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တခြား ပုဂ္ဂိုလ်တွေရဲ့ဖုန်းလိုင်းတွေကို ကြားဖြတ်ခိုးနားထောင်မှု သံသယနဲ့ ထိပ်တန်း ရဲတပ်ဖွဲ့ဝင် နှစ်ဦးနဲ့အတူ သူ့ကို ဖမ်းဆီးခဲ့ပြီး တစ်ရက်အကြာမှာ ရာထူးက ထုတ်ပယ်လိုက်တာပါ။

ဒါဟာ နိုင်ငံတော် သစ္စာဖောက်မှု ဖြစ်နိုင်တယ်လို့ သမ္မတ ပရာဘိုဝိုရဲ့ ရုံးက ပြောပါတယ်။

သမ္မတရဲ့ ဆွေမျိုးမဟုတ်တဲ့ လစ်ဆို ဆီဂျစ် ပရာဘိုဝိုဟာ သမ္မတ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ၂၀၂၅ ခုနှစ်ကနေ အခုနှစ်အထိ နောက်ထပ် လူပုဂ္ဂိုလ်တွေရဲ့ဖုန်းလိုင်းတွေကို ကြားဖြတ် ခိုးနားထောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ တာဝန်ထမ်းဆောင်ဆဲ အရာရှိ သုံးဦးထဲမှာ ပါဝင်နေပါတယ်။

သူဟာ ပြီးခဲ့တဲ့လက သမ္မတရုံး ဦးစီးအရာရှိချုပ် ဖြစ်မလာခင် နိုင်ငံတော် ရဲချုပ်အဖြစ် ၅ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

ဒါက မထီမဲ့မြင်ပြုတဲ့ လူပုဂ္ဂိုလ် တချို့လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး လုပ်ဆောင်ခဲ့တာတွေကို ကြည့်ရင် နိုင်ငံတော် သစ္စာဖောက်မှု အပြုအမူ အဆင့်ထဲ ရောက်နိုင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပရာဆတ်ယို ဟာဒီက သူ့ကို ထုတ်ပယ်ကြောင်း ကြေညာချိန် သတင်းထောက်တွေကို ပြောပါတယ်။

ဒါက နိုင်ငံတော် အကျိုးစီးပွားအနေနဲ့ နိုင်ငံတော် အကြီးအကဲ အပါအဝင် နိုင်ငံ့ ခေါင်းဆောင်ပိုင်းရဲ့ ဘေးကင်းရေးကို အန္တရာယ်ကျရောက်စေနိုင်တဲ့ လုပ်ရပ်တွေလည်း ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မျက်နှာစာတွေ အများကြီးမှာ သမ္မတ ပရာဘိုဝိုအနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး သူ့ရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ မကျေနပ်ချက်တွေကြောင့် ထောက်ခံမှု လျော့ကျလာချိန်မှာ အခုလို ဖမ်းဆီးမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရှယ်ယာဈေးကွက် တန်ဖိုး လျော့ကျမှုနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေ၊ငွေတန်ဖိုး လျော့ကျမှု၊ စတော့ရှယ်ယာ ဈေးကွက်မှာ စံချိန်တင် ထုတ်ရောင်းမှုတွေ ရှိနေချိန် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ပြန်လည် ရရှိရေး ကြိုးပမ်းနေတဲ့ ပရာဘိုဝိုရဲ့ မူဝါဒတွေအပေါ် မကျေနပ်ချက်တွေ ရှိနေပါတယ်။

ဖုန်းလိုင်းခိုးနားထောင်မှု အကြောင်းအရင်းကို အစိုးရက မဖော်ထုတ်ရသေးဘူးလို့ အင်ဒိုနီးရှား တရားရေးရာ အကြီးတန်း ဝန်ကြီး ယူဆရီလ် အီဇာ မာဟန်ဒရာက ပြောပါတယ်။

သမ္မတ၊ နိုင်ငံတော်အရာရှိတွေ၊ မီဒီယာ၊ နိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေနဲ့ လူထုဆက်ဆံရေး အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ဖုန်းခေါ်ဆိုမှုကို တရားမဝင် ခိုးနားထောင်မှုအတွက် သံသယရှိသူတွေကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။

လစ်ယိုဟာ သမ္မတဟောင်း ဂျိုကို ဝီဒိုဒိုရဲ့ သစ္စာတော်ခံ ဖြစ်ပြီး ပရာဘိုဝိုအနေနဲ့ သူယုံကြည်ရတဲ့ ရဲချုပ် တစ်ယောက် လိုအပ်နေချိန်မှာ လစ်ယိုက ယုံကြည်ရသူ မဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသူ ယာနူအာက ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.