၇၂ နာရီစာ အရေးပေါ်အိတ် ပြင်ဆင်ထားကြဖို့ ထိုင်း အာဏာပိုင်တွေ တိုက်တွန်း

ဘန်ကောက်၊ နိုဝင်ဘာ ၃

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတချို့က ပြည်သူတွေကို အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးနေချိန်မှာ ထိုင်း အစိုးရကလည်း ပြည်သူတွေအနေနဲ့ အနည်းဆုံး ၇၂ နာရီ ဒါမှမဟုတ် သုံးရက်စာ အသက်ရှင်နေထိုင်နိုင်ဖို့ လိုအပ်တဲ့ အရေးပေါ်ပစ္စည်းအိတ်တွေ ပြင်ဆင်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးသက်သာရေးဌာန (DDPM) ညွှန်ကြားရေးမှူးချုပ် နီရတ် ဖုန်ဆစ်ထီထာဝုန်က နိုဝင်ဘာ ၂ ရက်နေ့မှာ အခုလို တိုက်တွန်းခဲ့တာပါ။

လက်ရှိမှာ ကမ္ဘာ့နိုင်ငံ တချို့က အရှေ့အလယ်ပိုင်း ပဋိပက္ခတွေရဲ့ သက်ရောက်မှုတွေကို စိုးရိမ်တာကြောင့် အစားအစာ၊ ဆေးဝါးနဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကို အနည်းဆုံး သုံးရက်စာ ကြိုတင်စုဆောင်းထားကြဖို့ ပြည်သူတွေကို သတိပေးနေကြပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် တိုက်ရိုက်အရေးပေါ်ပြင်ဆင်ဖို့ လိုအပ်နေတဲ့ နိုင်ငံတွေထဲမှာ မပါဝင်ဘူးလို့ DDPM ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

အရေးပေါ်အိတ်တွေ ပြင်ဆင်ထားဖို့ တိုက်တွန်းတာဟာ စစ်ပွဲအန္တရာယ်တစ်ခုတည်းအတွက် မဟုတ်ဘဲ ရုတ်တရက်ရေကြီးမှု၊ မြေပြိုမှု၊ ငလျင်လှုပ်ခတ်မှု၊ မီးလောင်မှု၊ ကူးစက်ရောဂါဖြစ်ပွားမှုနဲ့ တခြား မမျှော်လင့်ထားတဲ့ အရေးပေါ်အခြေအနေတွေမှာ အသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပွားပြီးနောက် ပထမဆုံး ၇၂ နာရီဟာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အရေးအကြီးဆုံးအချိန်ဖြစ်တယ်လို့ DDPM က သတိပေးထားပါတယ်။

ဘာကြောင့်လဲဆိုတော့ ဘေးအန္တရာယ်ဖြစ်ပွားပြီး ပထမဆုံး သုံးရက်အတွင်းမှာ အစိုးရရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဘေးသင့်ဒေသတွေဆီ အကူအညီတွေ ပို့ဆောင်ဖို့ အချိန်ယူရနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် အကူအညီမရောက်လာခင်မှာ ပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ မိသားစုဝင်တွေကို စောင့်ရှောက်နိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အရေးပေါ်အိတ်ထဲမှာ အဓိက ပစ္စည်းအမျိုးအစား ခြောက်မျိုး ထည့်ထားဖို့ အကြံပြုထားပါတယ်။

ပထမတစ်ခုကတော့ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေဖြစ်ပြီး ရှေးဦးသူနာပြုပစ္စည်းတွေ၊ အခြေခံဆေးဝါးတွေ၊ နေ့စဉ်သောက်သုံးနေရတဲ့ ဆေးတွေနဲ့ ဆေးမှတ်တမ်းတွေ ပါဝင်ပါတယ်။

ဒုတိယတစ်ခုက အစားအစာနဲ့ သောက်သုံးရေဖြစ်ပြီး လူတစ်ဦးအတွက် တစ်နေ့ကို သောက်သုံးရေ အနည်းဆုံး သုံးလီတာနှုန်း ပြင်ဆင်ထားဖို့ အကြံပြုထားပါတယ်။ ဒါကြောင့် သုံးရက်စာအတွက် လူတစ်ဦးကို ရေကိုးလီတာ လိုအပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် ချက်ပြုတ်စရာမလိုတဲ့ အစားအစာတွေ၊ အားဖြည့်မုန့်တွေနဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ လူနာတွေအတွက် သီးသန့်လိုအပ်တဲ့ အစားအစာတွေကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။

တတိယတစ်ခုကတော့ ဆက်သွယ်ရေးနဲ့ အရေးပေါ်အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဖုန်း၊ Power Bank၊ ဓာတ်မီး၊ ဓာတ်ခဲအပို၊ ရေဒီယို၊ အကူအညီတောင်းဖို့ ဝီစီ၊ ဖယောင်းတိုင်၊ မီးခြစ်၊ ဓားအသေး၊ ကတ်ကြေးနဲ့ ကြိုးတွေ ပါဝင်ပါတယ်။

အထူးသဖြင့် အင်တာနက်လိုင်း ပြတ်တောက်သွားတဲ့အချိန်မှာ သတင်းအချက်အလက်တွေ ဆက်လက်သိရှိနိုင်ဖို့ ဘက်ထရီသုံး ရေဒီယိုတစ်လုံး ထားရှိသင့်တယ်လို့ အကြံပြုထားပါတယ်။

စတုတ္ထတစ်ခုက အရေးကြီးတဲ့ စာရွက်စာတမ်းတွေနဲ့ ငွေသားဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်း၊ ကျန်းမာရေးအာမခံကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဘဏ်စာအုပ်နဲ့ အိမ်၊ မြေပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းမိတ္တူတွေကို ရေလုံအိတ်ထဲ ထည့်သိမ်းထားဖို့ လိုအပ်ပါတယ်။

အွန်လိုင်းငွေပေးချေမှုစနစ်တွေ အသုံးမပြုနိုင်တဲ့အခြေအနေမျိုးမှာ အသုံးပြုဖို့ ငွေသားနဲ့ အိမ်၊ ကားသော့အပိုတွေကိုလည်း ထည့်ထားသင့်ပါတယ်။

ပဉ္စမတစ်ခုကတော့ တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေဖြစ်ပြီး သွားတိုက်တံ၊ သွားတိုက်ဆေး၊ တစ်ရှူး၊ ရေချိုးသုံးပစ္စည်းတွေနဲ့ အမှိုက်အိတ်တွေ ပါဝင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ အဝတ်အစားအပိုတွေ၊ မိုးကာအင်္ကျီ၊ ဦးထုပ်၊ စောင်နဲ့ အိပ်စက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

DDPM ညွှန်ကြားရေးမှူးချုပ်က အိမ်တိုင်းမှာ အရေးပေါ်အိတ်တစ်လုံး အဆင်သင့်ရှိနေသင့်ပြီး ရုတ်တရက် နေရာရွှေ့ပြောင်းရတဲ့အခါ ချက်ချင်းယူဆောင်သွားနိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

အဲဒီအိတ်ဟာ ပေါ့ပါးပြီး ရေစိုခံနိုင်ဖို့ လိုအပ်သလို အိမ်အတွင်း အလွယ်တကူယူနိုင်တဲ့ နေရာမှာ ထားရှိသင့်ပါတယ်။ အိတ်ထဲက ဆေးဝါးနဲ့ အစားအစာတွေရဲ့ သက်တမ်းကုန်ဆုံးရက်တွေကိုလည်း ပုံမှန်စစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာလည်း ထိုင်းအစိုးရဟာ အရေးပေါ်အခြေအနေတွေကို တုံ့ပြန်နိုင်ဖို့ ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ စက်ယန္တရားတွေနဲ့ Cell Broadcast ကြိုတင်သတိပေးစနစ်တွေကို ပြင်ဆင်ထားပြီး သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ပြည်သူတွေအနေနဲ့ အန္တရာယ်တွေကို သတိထားပြီး ကြိုတင်ပြင်ဆင်ကြဖို့ လိုအပ်ပေမဲ့ အထိတ်တလန့် မဖြစ်ကြဖို့ အဓိကထား တိုက်တွန်းထားပါတယ်။

ဒါကြောင့် အခုလို ၇၂ နာရီစာ အရေးပေါ်အိတ် ပြင်ဆင်ထားဖို့ တိုက်တွန်းချက်ဟာ ထိုင်းနိုင်ငံမှာ စစ်ပွဲဖြစ်ပွားတော့မယ်လို့ သတိပေးတာမျိုးမဟုတ်ဘဲ မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေအတွက် ပြည်သူတွေ ကြိုတင်အဆင်သင့်ဖြစ်နေစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Ref:KhaosodEnglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.