ဝါရှင်တန်၊ နိုဝင်ဘာ ၃
ဟောမု့ဇ် ရေလက်ကြားထဲရှိ အီရန်နိုင်ငံရဲ့ ကတ်ချ်ကျွန်းကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန် အရာရှိတွေက ပြောလိုက်ပါတယ်။
အဲဲဲဒီကျွန်းပေါ်မှာ နိုဝင်ဘာ ၂ ရက်က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း အီရန် နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြထားပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေကို အကန့်အသတ်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်ကော်ပိုရေးရှင်း (IRGC) က အမေရိကန် လေယာဉ် တစ်စီးကို ပစ်ခတ်မှုအတွက် တုံ့ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လွှတ်တော်ကို ရီပက်ဘလေကန်တွေက ဆက်လက် ထိန်းချုပ်နိုင်မလား ဒါမှမဟုတ် ဒီမိုကရက်တွေက ထိန်းချုပ်နိုင်မလား အဆုံးအဖြတ် ပေးမယ့် အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် အဲဒီ တိုက်ခိုက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ အတူ စတင်ခဲ့တဲ့ အီရန် စစ်ပွဲ အဆုံးသတ်ရေး သူ့ရဲ့ ပါတီတွင်းက ဖိအားပေးမှုတွေနဲ့ ကြုံနေရတဲ့ ထရန့်အတွက် ထောက်ခံမှုလည်း လျော့ကျလာနေပါတယ်။
နိုဝင်ဘာ ၂ ရက် စောစောပိုင်းက သတင်းထောက်တွေကို ပြောကြားရာမှာ အီရန်ကို တိုက်ခိုက်မှုတွေ အရှိန်တိုးမြှင့်ရေး သူ့အနေနဲ့ အလျင်မလိုဘူးလို့ ထရန့်က ပြောပါတယ်။
အီရန်ကို မိမိတို့က ဘဏ္ဍာရေးအရ ယိုင်နဲ့သွားအောင် လုပ်ဆောင်ထားပြီး သူတို့မှာ ငွေနဲ့ လောင်စာ မရှိ ဖြစ်နေကာ အီရန် ပြည်သူတွေက အဲဒီ အခြေအနေကို အရမ်း စိတ်ကုန်နေကြပြီလို့လည်း ထရန့်က ပြောပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်က Fox News သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ ထရန့်က အမေရိကန်အနေနဲ့ အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ဆက်စပ်နေတဲ့ နေရာ တစ်ခု ဖြစ်တဲ့ ပစ်အိတ်စ်ကို တိုက်ခိုက်ဖို့ လိုအပ်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါက ကြီးကြီးမားမား ကိစ္စ တစ်ခု မဟုတ်ဘဲ တစ်နာရီအတွင်း ပြီးဆုံးနိုင်တယ်လို့ ထရန့်က ဖြည့်စွက် ပြောပါတယ်။
သက်တမ်းဝက် ရွေးကောက်ပွဲ ပြီးနောက် အီရန်မှာ သိသာတဲ့ တိုက်ခိုက်မှုတွေ ပြန်စဖွယ် ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ပြီးခဲ့တဲ့ရက် အနည်းငယ်က ပိုများလာခဲ့ပါတယ်။
ဒါပေမဲ့ နိုဝင်ဘာ ၂ ရက်က သတင်းထောက်တွေ မေးမြန်းချိန်မှာတော့ ထရန့်က တိုက်ခိုက်မှုတွေ ပြန်စမှာ မဟုတ်ဘူးလို့ ဖြေဆိုခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက စစ်ပွဲ အဆုံးသတ်ရေး ကြားခံ ညှိနှိုင်းပေးသူတွေကတဆင့် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ အရှိန်မြှင့် ပြုလုပ်နေတယ်လို့ စောစောပိုင်းက ပြောကြားခဲ့ပါတယ်။
အီရန်အနေနဲ့ အရင်ကထက်ပိုပြီး သံတမန်ရေးအရရော စစ်ရေးအရ အနာဂတ် ဖြစ်လာနိုင်ခြေတွေအတွက် ကြိုတင် ပြင်ဆင်ထားတယ်လို့လည်း ဝန်ကြီး အာရက်ချီက ပြောပါတယ်။
မှားယွင်းတဲ့ စစ်ရေးအရ ရန်လို တိုက်ခိုက်မှု လုပ်မလား ဒါမှမဟုတ် ညဏ်ရှိတဲ့ ညှိနှိုင်းရေး လမ်းကြောင်းကို ရွေးချယ်မလားဆိုတာ အမေရိကန် အပေါ်မှာ မူတည်နေတယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:BBC

