စင်ကာပူ၊ နိုဝင်ဘာ ၃
၂၀၂၇ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌနေရာကို ရယူချိန် စင်ကာပူက ဒေသတွင်း နယ်မြေဖြတ်ကျော် မီးခိုးမြူ တိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီမှု အားကောင်းအောင် ဆောင်ရွက်ဖို့ တခြား အာဆီယံနိုင်ငံတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဂရေ့စ်ဖူက နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ မီးခိုးမြူတွေနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၃ ရက်က လွှတ်တော်မှာ မေးခွန်းတွေကို ဖြေကြားချိန် မစ္စစ် ဖူက အာဆီယံ အဖွဲ့ဝင် တချို့အနေနဲ့ လာမယ့် ဒေသဆိုင်ရာ အစည်းအဝေးတွေမှာ အဲဒီ ကိစ္စကို တင်ပြသွားဖို့ သဘောထားရှိတယ်လို့ ပြောဆိုခဲ့တာပါ၊
စင်ကာပူအနေနဲ့ အဲဒီ ဆွေးနွေးမှုကို ထောက်ခံသွားမှာ ဖြစ်ပြီး မီးခိုးမြူတွေ ဖြစ်ပေါ်စေတဲ့ ကုမ္ပဏီတွေကို ဘယ်လို အရေးယူဖို့ ရည်ရွယ်ထားတယ်ဆိုတာ အမြင်တွေ ဝေမျှသွားမယ်လို့လည်း ဆိုပါတယ်။
လာမယ့်နှစ် အာဆီယံ ဥက္ကဋ္ဌအနေနဲ့ တောမီးနဲ့ နယ်မြေ ဖြတ်ကျော် မီးခိုးမြူပြဿနာအပေါ် စီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ အင်ဒိုနီးရှားမှာ ပူးပေါင်းဆောင်ရွက်ရေး စင်တာ ဖွင့်လှစ်သွားမယ်လို့ သူက ပြောပါတယ်။
သဘောတူညီမှု စတင် အကောင်အထည် ဖော်နိုင်ရေး အဖွဲ့ဝင် ၆ နိုင်ငံ သဘောတူပြီးနောက် အဲဒီ စင်တာကို ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်က ရယူခဲ့တဲ့ မီးခိုးမြူများဆိုင်ရာ အာဆီယံ သဘောတူညီချက်ဟာ နယ်မြေဖြတ်ကျော် မီးခိုးမြူ ဖြစ်ပေါ်မှုနဲ့ ပတ်သက်လို့ ဒေသတွင်း ဥပဒေအရ ချည်နှောင်မှုရှိတဲ့ ပထမဆုံး သဘောတူညီမှု ဖြစ်ပါတယ်။
အဲဒီ သဘောတူညီမှု ပြန်လည် အသက်ဝင်လာအောင် ဆောင်ရွက်ဖို့ မလေးရှားက တိုက်တွန်းထားပြီး စင်ကာပူနဲ့ အင်ဒိုနီးရှားတို့က တောမီး လောင်ကျွမ်းစေတဲ့ ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးရေး ပူးတွဲ အထူးအဖွဲ့ဖွဲ့ရေး အောက်တိုဘာ ၂၇ ရက်က ကြေညာခဲ့ပါတယ်။
အဲဒီ သဘောတူညီမှုထက် ကျော်လွန်ပြီးတော့ စင်ကာပူက တခြား အာဆီယံနိုင်ငံတွေနဲ့ လက်တွဲပြီး မီးခိုးတွေ ထွက်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို တိုက်ဖျက်မယ့် အစီအစဉ်တွေ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားက အခြေအနေကို ကိုင်တွယ်နိုင်ပြီး ပြည်ပ အကူအညီ မလိုဘူးလို့ အောက်တိုဘာ ၁၉ ရက်က စင်ကာပူကို ပြောထားကြောင်း မစ္စစ် ဖူက ပြောပါတယ်။
အင်ဒိုနီးရှားရဲ့ အချုပ်အခြာ အာဏာနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေအပေါ် လေ့လာအကဲ ဖြတ်မှုတွေကို စင်ကာပူက လေးစားကြောင်းလည်း သူက ပြောပါတယ်။
နိုင်ငံတွေ ပူးပေါင်းပြီး ဒေသဆိုင်ရာ မီးသတ် တပ်ဖွဲ့ဖွဲ့ရင်ရော အထောက်အကူ ဖြစ်မလား ဆိုတာကိုပါ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ မစ္စစ် ဖူက ပြောဆိုထားပါတယ်။
Ref:CNA

