မော်လမြိုင် ၊ အောက်တိုဘာ ၃၀
မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ် အသွင်ပြောင်း စစ်အစိုးရ လက်အောက်ခံတွေက ဒေသခံတွေကို မထင်ရင် မထင်သလို ဖမ်းဆီးပြီး စစ်မှုထမ်း ရောင်းစားတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်အစိုးရ လက်အောက်ခံတွေဟာ တစ်ဦးတည်း အပြင်ထွက်တဲ့သူတွေ၊ ညဘက်အပြင်ထွက်တဲ့ သူတွေ၊ အလုပ်သွား အလုပ်ပြန်သူတွေအပြင် လူပြတ်တဲ့ နေရာတွေကို သွားလာသူတွေကအစ စစ်မှုထမ်း အတွက် ရောင်းစားဖို့ ပစ်မှတ်ထား ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က လှိုင်ရတနာ မြို့သစ် စီမံကိန်းရှေ့မှာ အလုပ် လုပ်ကိုင်နေသူ တစ်ဦးကို အမှတ်(၅) ဆက်သွယ်ရေး အလုပ်ရုံမှ တပ်ကြပ်ကြီး တစ်ဦး အပါအဝင် လူ ၃ ဦးက စစ်မှုထမ်းအတွက် ရောင်းစားဖို့ အတင်းအဓမ္မ ကားပေါ်တင် ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း သီရိမြိုင်ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် တစ်ဦးကို ည ၁၀ နာရီဝန်းကျင်မှာ စစ်အစိုးရ လက်အောက်ခံတွေက အတင်းအကျပ် ကားပေါ်တင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိသားစုဝင်တွေက ကျပ် ၁၀၅ သိန်းနဲ့ ပြန်ရွေးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့တာပါ။
အခုလို ဒေသခံတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းအတွက် ရောင်းစားတဲ့ထဲမှာတော့ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူစစ်၊ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်တွေအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကအစ ပါဝင် ပတ်သက်နေတာ ဖြစ်ပါတယ်။
မော်လမြိုင်မြို့ခံတစ်ဦးကတော့ စစ်အစိုးရ လက်အောက်ခံတွေဟာ စစ်မှုထမ်းအတွက် ဒေသခံတွေကို ရောင်းစားဖို့ လှည့်ပတ်ပြီး လိုက်ဆွဲနေသလို ဖမ်းဆီးခံရပါက ရွေးလို့မှီရင် ရွေးလို့ရပြီး ရွေးလို့ မမှီပါက စစ်မှုထမ်း ရောင်းစားခံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အတည်တကျ ပုံမှန် ထိုင်ပြီးတော့ ဆွဲတာ မဟုတ်ဘူး။ လှည့်ပတ်ပြီးတော့ ဆွဲတယ်။ ည ၈ နာရီလောက် ၉ နာရီလောက် ပြောက်ကျားစနစ်နဲ့ ဆွဲနေတာပေါ့။လုံးလုံး မရပ်သွားဘူး။ သွားရွေးနိုင်ရင် သွားလိုက်ရွေး၊ ရွေးလို့မီရင်ရွေး၊ ရွေးလို့ မမီရင် စစ်မှုထမ်းထဲပါ၊” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်မှုထမ်းရောင်းစားဖို့ ဖမ်းဆီးခံရလို့ သွားရွေးပါကလည်း ငွေကြေး အများအပြား တောင်းခံတာကြောင့် တော်ယုံပြည်သူတွေအနေနဲ့ မတက်နိုင်သလို တချို့တွေအနေနဲ့ ငွေကြေး မတက်နိုင်တာကြောင့် ငြိမ်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို ဒေသတွင်းက ပြည်သူတွေကို စစ်အစိုးရ လက်အောက်ခံတွေက စစ်မှုထမ်း ရောင်းစားဖို့ အတင်းအဓမ္မ ကားပေါ်တင် ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အပေါ် နစ်နာတဲ့ ပြည်သူတွေအနေနဲ့ တိုင်ကြားပါကလည်း သက်ဆိုင်ရာ ရဲစခန်းတွေက အမှုဖွင့်လှစ်ပေးတာ မရှိဘူးလို့ သိရပါတယ်။
ဒေသတွင်းက ပြည်သူတွေကို စစ်မှုထမ်း ရောင်းစားဖို့ အတင်းအဓမ္မ ကားပေါ်တင် ဖမ်းဆီးတာဟာ ပြန်ပေးဆွဲမှု၊ လူကို ရောင်းကုန်လို့ ရောင်းချတဲ့အတွက် လူကုန်ကူးမှုအပြင် တခြား ပြစ်မှုတွေ မြောက်ပေမယ့် တင်းတင်းကျပ်ကျပ် အရေးယူမှု မရှိတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ ရှိနေတာပါ။
မော်လမြိုင်မြို့မှာတော့ အခုလို မြို့ပေါ် ရပ်ကွက်တွေအထိ စစ်မှုထမ်း ရောင်းစားဖို့ ဒေသခံတွေကို အတင်းအဓမ္မ ကားပေါ်တင် ဖမ်းဆီးမှုတွေ လုပ်လာတာကြောင့် ဒေသခံ လူငယ်လူရွယ်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်ပြီး လမ်းသွားရင်တောင် မလုံခြုံတော့တဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

