မော်လမြိုင် ၊ အောက်တိုဘာ ၂၀
စစ်အုပ်စုရဲ့ လက်ဝေခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC ကို အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် SEANF ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ပယ်ဖျက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထောက်ခံကြောင်း အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို SEANF ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ဆက်လက်ပါဝင်ခွင့် အရည်အချင်း မပြည့်မီကြောင်း တရားဝင် သုံးသပ်ဆန်းစစ်ချက်တွေ ပြုလုပ်ပြီး အောက်တိုဘာ ၁၉ ရက်မှာ တရားဝင် ထုတ်ပြန်လိုက်တဲ့ SEANF ရဲ့ ဆုံးဖြတ်ချက်အပေါ် NUG က ကြိုဆိုထောက်ခံတယ်လို့ ဆိုပါတယ်။
၂၀၂၁ အာဏာသိမ်းချိန်ကစပြီး MNHRC ဟာ စစ်အုပ်စုရဲ့ အဓမ္မပြုမူမှုတွေ လူထုအပေါ် နည်းမျိုးစုံနဲ့ ကျူးလွန်နေတဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ ပြည်သူတွေကို ကာကွယ်ပေးနိုင်ခြင်း မရှိတဲ့အပြင် စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်ပေးတဲ့ အကာအကွယ်တစ်ခုအဖြစ် လုပ်ဆောင်ခဲ့တာပါ။
ဒါ့အပြင် နိုင်ငံတကာစံနှုန်းဖြစ်တဲ့ ပါရီအခြေခံမူတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်များမဟာမိတ်အဖွဲ့ GANHRI-SCA က ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ MNHRC ရဲ့ အသိအမှတ်ပြုမှုကို ရုပ်သိမ်းခဲ့ပြီး အာရှ-ပစိဖိတ်ဖိုရမ် APF ကလည်း ပြီးခဲ့တဲ့နှစ် မေမှာ အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
အခုလို SEANF အုပ်ချုပ်မှုဘုတ်အဖွဲ့ကနေ MNHRC ကို အဖွဲ့ဝင်အဖြစ် ထုတ်ပယ်ရေး ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဟာ လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) အပါအဝင် ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုတွေလို့ NUG က မှတ်တမ်းတင် ဂုဏ်ပြုထားတာပါ။
ဒါဟာ ၂၀၂၁ ခုနှစ်ကစတင်ပြီး စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ MNHRC ရဲ့ မသမာမှုတွေနဲ့ ပတ်သက်လို့ GANHRI၊ ANNI နဲ့ SEANF တို့ဆီ အချက်အလက်ပေါင်းများစွာကို မဆုတ်မနစ် စနစ်တကျ ပေးပို့တိုက်တွန်း လုပ်ဆောင်ပေးခဲ့ကြတဲ့အတွက် ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်ရဲ့ SEANF သဘာပတိ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဦးဆောင်မှုနဲ့အတူ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် ၊ ထိုင်းနဲ့ တီမော-လက်စတီ စတဲ့ SEANF အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင် ကော်မရှင်တွေအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံကို နားထောင်ပြီး အာဆီယံဒေသတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာနဲ့ ပါရီအခြေခံမူတွေကို ခိုင်မာစွာ ကိုင်စွဲကာ အမှန်တရားဘက်က ရပ်တည်ပေးတဲ့အတွက် NUG က ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (ဟောင်း) နဲ့ တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်း အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အသိပေးထားတာပါ။
စစ်မှန်တဲ့ ပြည်သူ့လူ့အခွင့်အရေးကို အပြည့်အဝ ကာကွယ်စောင့်ရှောက်နိုင်မယ့် ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် UHRC အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် NUG အနေနဲ့ CSO Working Group၊ EROs တွေ ဖက်ဒရယ်ယူနစ်တွေ NUCC ၊ CRPH တို့နဲ့ အရှိန်အဟုန်မြှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

