သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ထရန့်အပေါ် လူထု ထောက်ခံမှု စံချိန်တင် လျော့ကျ

ဝါရှင်တန်၊ အောက်တိုဘာ ၂၀

လောင်စာဆီဈေးနှုန်း မြင့်တက်မှုနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံသားတွေ စိုးရိမ်နေချိန် သမ္မတ ဒေါ် နယ်ထရန့်အပေါ် လူထုထောက်ခံမှု စံချိန်တင် လျော့ကျနေကြောင်း အောက်တိုဘာ ၁၉ ရက် ပိတ်သိမ်းခဲ့တဲ့ Reuters/Ipsos စစ်တမ်းက ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၃ ရက် လွှတ်တော် ရွေးကောက်ပွဲမှာ ထရန့်ရဲ့ ရီပက်ဘလေကန် ပါတီ အနေနဲ့ လူထုရဲ့ ပြစ်ဒဏ်ခတ်တာခံရမယ့် အခြေအနေမှာ ရှိနေပါတယ်။

အမေရိကန် နိုင်ငံသား ၃၁ ရာခိုင်နှုန်းလောက်က ထရန့်ရဲ့ ရာထူး တာဝန် စွမ်းဆောင်ရည်ကို သဘောတူ နှစ်သက်ကြပြီး စောစောပိုင်း နှစ်ပတ်ကထက် ထောက်ခံမှု ၁ ရာခိုင်နှုန်း လျော့ကျသွားကြောင်း စစ်တမ်းမှာ ဖော်ပြနေပါတယ်။

ဒါက သူ့ရဲ့ သမ္မတ ရာထူး စောစောပိုင်း သက်တမ်းတွေမှာ လူထု ထောက်ခံမှု အနည်းဆုံး အခြေအနေ ဖြစ်နေတာ ဖြစ်ကြောင်းလည်း လေးရက်ကြာ စစ်တမ်းမှာ တွေ့ရှိရပါတယ်။

ယေဘူယျ ရွေးကောက်ပွဲ မေးခွန်း ဖြစ်တဲ့ ဒီကနေ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပရင် ဘယ်ပါတီကို မဲပေးမလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားသူ မှတ်ပုံတင်ထားပြီးသား မဲပေးသူ ၄၇ ရာခိုင်နှုန်းက ဒီမိုကရက်တွေကို ရွေးချယ်ပြီး ရီပက်ဘလေကန်တွေကို မဲပေးမယ့်သူ ၃၅ ရာခိုင်နှုန်းပဲ ရှိကြောင်း နိုင်ငံတဝန်း စစ်တမ်းက ဖော်ပြထားပါတယ်။

ဒီမိုကရက်တို့ ၁၂ ရာခိုင်နှုန်း အသာစီးရနေတာဟာ လက်ရှိ ရွေးကောက်ပွဲ စက်ဝန်းအတွင်း အများဆုံး ဖြစ်ပြီး အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို ထိန်းချုပ်ရေး ဒီမိုကရက်တို့ရဲ့ မျှော်လင့်ချက်ကို ပိုအားကောင်းလာစေပါတယ်။

ရီပက်ဘလေကန်တွေအနေနဲ့ လွှတ်တော် တစ်ရပ်ရပ်ကို ထိန်းချုပ်မှု ဆုံးရှုံးလိုက်ရပြီ ဆိုတာနဲ့ ထရန့်ရဲ့ လက်ကျန် သက်တမ်း နှစ်နှစ်မှာ သူ့ရဲ့ အစီအစဉ်တွေကို ရှုပ်ထွေးသွားစေနိုင်ပါတယ်။

ယေဘုယျ ရွေးကောက်ပွဲ သဘောထား စစ်တမ်းကို နိုင်ငံတဝန်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး လွှတ်တော်မှာ ဘယ် ပါတီကို ဦးဆောင်သူတွေအနေနဲ့ မြင်တွေ့ချင်သလဲ ဆိုတဲ့ အများသဘောထား အမြင်ကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီလို သဘောထား စစ်တမ်းတွေက နိုင်ငံတဝန်း လူထုအမြင်ကို ထင်ဟပ်စေပေမယ့် ပြည်နယ်ချင်းအလိုက် ဒေသချင်းအလိုက် ပြိုင်ဆိုင်မှု ကွဲပြားချက်တွေ အားလုံး ထည့်သွင်း တွက်ချက်ထားတာ မရှိပါဘူး။

ဖွဲ့စည်း တည်ဆောက်ပုံအရ ရီပက်ဘလေကန် တချို့ အားသာချက် ရှိနေတဲ့ ပြိုင်ဆိုင်မှု နေရာတွေ ဖြစ်တဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့ကို ထိန်းချုပ်ခွင့်က အဲဒီ ပြည်နယ်ချင်း ဒေသချင်းအလိုက် ရွေးကောက်ပွဲ ရလဒ်တွေက အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။

စောစောပိုင်း သီတင်းနှစ်ပတ်က Reuters/Ipsos စစ်တမ်းမှာ ဒီမိုကရက်တို့က ရီပက်ဘလေကန်တွေကို ၇ ရာခိုင်နှုန်း ဦးဆောင်ထားပြီး ၄၄ ရာခိုင်နှုန်းနဲ့ ၃၇ ရာခိုင်နှုန်းစီ ရှိခဲ့တာ ဖြစ်ပါတယ်။

ရီပက်ဘလေကန် လွှတ်တော် အမတ်လောင်းတွေအတွက် ထောက်ခံမှု လျော့ကျရတာက အမျိုးသမီး အတော်များများက သူတို့အနေနဲ့ ဒီမိုကရက်တွေကို ရွေးချယ်မှာ ဖြစ်တယ်လို့ ပြောထားတာကြောင့် ဖြစ်ပါတယ်။

အမျိုးသမီး ၅၀ ရာခိုင်နှုန်းလောက်က သူတို့အနေနဲ့ ဒီမိုကရက်တွေကို မဲပေး ထောက်ခံမှာ ဖြစ်ကြောင်း ပြောကြားပြီး ရီပက်ဘလေကန် ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံမဲထည့်ဖို့ စီစဉ်ထားသူ ၃၂ ရာခိုင်နှုန်းပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားတွေကလည်း ဒီမိုကရက်တွေကို ပိုသဘောကျပေမယ့် အများကြီး ကွာဟမှု မရှိဘူးလို့ သိရပါတယ်။

အမေရိကန် မဟာမိတ် အစ္စရေးနဲ့အတူ အီရန်ကို တိုက်ခိုက်ရေး ဖေဖော်ဝါရီလက အမိန့် ပေးခဲ့ပြီး နောက်ပိုင်း ထရန့်ရဲ့ လူကြိုက်များမှု လျော့ကျလာခဲ့တာပါ။

စစ်ပွဲကြောင့် လောင်စာဈေးနှုန်းတွေ မြင့်တက်ပြီး အိမ်ထောင်စုတွေရဲ့ စားဝတ်နေရေးကို ထိခိုက်စေခဲ့ပါတယ်။

အမေရိကန် စီးပွားရေးကို ထရန့် ကိုင်တွယ်နေပုံနဲ့ ပတ်သက်လို့ အမေရိကန် ၆၈ ရာခိုင်နှုန်းက သဘောမကျကြတဲ့အပြင် အဲဒီထဲမှာ ရီပက်ဘလေကန် ၃၇ ရာခိုင်နှုန်း ပါဝင်နေပါတယ်။

အွန်လိုင်းက ကောက်ယူခဲ့တဲ့ အဲဒီ စစ်တမ်းကို မဲပေးဖို့ မှတ်ပုံတင်ထားသူ ၁၂၇၉ ဦး အပါအဝင် အရွယ်ရောက်ပြီးတဲ့ အမေရိကန် နိုင်ငံသား ၁၆၇၉ ဦးက ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.