ပြင်သစ်မှာ အဓိကရုဏ်းတွေကြောင့် ပါရီမြို့ အလယ်ပိုင်းနဲ့ တခြား မြို့တွေမှာ ညမထွက်ရ အမိန့်ထုတ်

ပါရီ အောက်တိုဘာ ၂၀

သီတင်းပတ်ကုန်ရက်က နိုင်ငံတဝန်း အဓိကရုဏ်းတွေ လုယက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ် အာဏာပိုင်တွေက မြို့တော် ပါရီ အလယ်ပိုင်းဒေသတွေနဲ့ တခြား မြို့တွေမှာ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ဆန္ဒပြသူတွေ စုဝေးခဲ့ကြတဲ့ နေရာမှာ ဒေသစံတော်ချိန် ည ၁၁ နာရီကနေ မနက် ၆ နာရီ အထိ ညထွက်ခွင့် ပိတ်ပင်ထားပါတယ်။

ခွင့်ပြုချက် မရှိဘဲ စုဝေးမှုကို မြို့လယ်ခေါင်ရှိ ဒေသ တချို့မှာလည်း ပြဌာန်းထား ပါတယ်။

မာဆေးလ်၊ ဗော်ဒိုး၊ နီးစ်နဲ့ တောင်ပိုင်းရှိ လိုင်ယွန်မြို့တို့ အပါအဝင် လိုင်လီနဲ့ မြောက်ပိုင်းရှိ တခြား မြို့တွေမှာ လူငယ်တွေရဲ့ လှုပ်ရှားမှုနဲ့ လူထု စုဝေးမှုကို တားမြစ်တဲ့ တစ်စိတ်တစ်ပိုင်း နေဝင်မီးငြိမ်း အမိန့်တွေ ထုတ်ထားပါတယ်။

မငြိမ်မသက် ဖြစ်မှုအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ ပတ်သက်လို့ အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်တာနဲ့ ရင်ဆိုင်နေရတဲ့ ပြည်ထဲရေး ဝန်ကြီး နျူနက်ဇ်က ရာထူးက နုတ်ထွက်မယ်လို့ စာတင်ခဲ့ပေမယ့် သမ္မတ မက်ကရွမ်က ပယ်ချခဲ့ပါတယ်။

တချို့မြို့တွေမှာ ရဲတပ်ဖွဲ့အနေနဲ့ မထိန်းချုပ်နိုင် ဖြစ်ခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးက စောစောပိုင်းက ဝန်ခံထားပါတယ်။

စာသင်ကျောင်းတွေမှာ အခြေအနေတွေ ပိုကောင်းလာစေဖို့ ကျောင်းသားတွေရဲ့ တောင်းဆိုမှုတွေနဲ့အတူ ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့လက စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ ဆန္ဒပြပွဲတွေမှာ ပိုကျယ်ပြန့်တဲ့ စိုးရိမ်မှုတွေ ပါဝင်လာပြီး အရှိန်မြင့်လာသလို ဆန္ဒပြအဖွဲ့ အမျိုးမျိုးနဲ့ သမဂ္ဂတွေပါ ပါဝင်လာခဲ့ပါတယ်။

လူပေါင်း ၂၅၀၀ ဖမ်းဆီးခံထားရတယ်လို့ အရာရှိ တစ်ဦးက ပြောထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ လူအုပ် ထိန်းချုပ်ရေး လက်ပစ်ဗုံးကြောင့် ဆန္ဒပြသူ တစ်ယောက် လက်တစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။

ရဲတပ်ဖွဲ့ဝင် ၁၀၀၀လောက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြထား ပါတယ်။

နိုင်ငံတွင်း အရေးပေါ် အခြေအနေ ကြေညာနိုင်ခြေကို ပယ်ချမထားတဲ့ ဝန်ကြီးချုပ် ဆီဘတ်စတီယန် လီကော်နုက ထိခိုက်ရာဒေသတွေ ပြန်လည် နလန်ထူရေး ကုညီပေးဖို့ အစိုးရက ဘဏ္ဍာငွေ ဘေးဖယ်ထားတယ်လို့ ပြောပါတယ်။

အများပိုင် ပစ္စည်းတွေကို ဖျက်ဆီးသူတွေကို ရှာဖွေဖော်ထုတ်ပြီး အပြစ်ပေးနိုင်မယ့် ဥပဒေတစ်ရပ် ပြဌာန်းထားတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

အဓိကရုဏ်းတွေ လုယက်မှုတွေကြောင့် အလုပ်မလုပ်နိုင်သူတွေအတွက် တစ်စိတ်တစ်ပိုင်း အလုပ်လက်မဲ့ ဖြစ်မှုဆိုင်ရာ ရန်ပုံငွေ တစ်ရပ်ကိုလည်း ဝန်ကြီးချုပ်က ကြေညာထားပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာ ပြည်ထဲရေးဝန်ကြီး နုတ်ထွက်စာ တင်ခဲ့ပေမယ့် မက်ကရွမ်က ပယ်ချပြီး ဥပဒေစည်းကြပ်မှုကို ဆက်လက် ဦးဆောင်ပေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ သမ္မတ နန်းတော်က ပြောပါတယ်။

အဓိကရုဏ်းတွေကြောင့် ထိခိုက် ပျက်စီးမှု ယူရို သန်းရာနဲ့ချီရှိတယ်လို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။

လုယက်ခံရတဲ့ ကုန်စည် တချို့ကို အွန်လိုင်းမှာ တင်ပြီး ရောင်းချနေတာတွေ့ရတယ်လို့ ပြင်သစ်ဝန်ကြီး နှစ်ဦးက ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.