မော်လမြိုင် ၊ အောက်တိုဘာ ၂၀
မွန်ပြည်နယ်တဝန်းမှာ လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာပြီး နာရီပိုင်းလောက်သာ လျှပ်စစ်မီး ရရှိတော့တဲ့အတွက် လူမှုစီးပွားဘဝတွေ ပိုမိုကျပ်တည်းလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ် အသွင်ပြောင်း အစိုးရဟာ အယ်လ်နီညိုရာသီဥတု အကြောင်းပြချက်နဲ့ နိုင်ငံတဝန်းမှာ လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးသွားမယ်လို့ ကြေညာထားပါတယ်။
လျှပ်စစ်မီး ဖြန့်ဝေပေးမှုအဖြစ် တစ်ရက်လျှင် ၈ နာရီ ၊ ၂ နာရီပေး ၆ နာရီ ဖြတ်၊ ၄ နာရီပေး ၆ နာရီ ဖြတ်နဲ့ ၂ နာရီပေး ၄ နာရီဖြတ် စနစ် ကျင့်သုံးနေတာပါ။
ဒါပေမယ့် မွန်ပြည်နယ်ရဲ့ ဒေသအများစုမှာ တစ်ရက်လျှင် ၂ နာရီကနေ ၄ နာရီလောက်သာ လျှပ်စစ်မီး ရရှိတော့တာ ဖြစ်ပြီး ကျေးရွာတချို့မှာ တစ်ရက်လျှင် တစ်နာရီကနေ နှစ်နာရီလောက်သာ လျှပ်စစ်မီး ရရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးလာတာကြောင့် ထမင်းဟင်းချက်တာ၊ ရေတင်တာကအစ အခက်အခဲ မျိုးစုံရင်ဆိုင်နေရပြီး အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်နစ်နာမှုတွေ ပိုများလာတာ ဖြစ်ပါတယ်။
လျှပ်စစ်မီး မရတာကြောင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ လုပ်ငန်းလည်ပတ်နိုင်ရေးအောင် စက်သုံးဆီတွေကို မှောင်ခိုဈေးကွက်တွေကနေ ဝယ်ယူသုံးစွဲနေတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ် အဆမတန် မြင့်တက်လာတယ်လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာတာကြောင့် ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြထားပါတယ်။
လျှပ်စစ်မီး ပြတ်တောက်မှုဟာ စစ်တပ် အာဏာသိမ်းတဲ့ ခြောက်နှစ်နီးပါးကာလအတွင်း အဆိုးဝါးဆုံး ပြတ်တောက်မှု ဖြစ်ပြီး စစ်တပ် အသွင်းပြောင်း အစိုးရဲ့ စီမံခန့်ခွဲမှုကို ဒေသခံပြည်သူတွေအကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိနေပါတယ်။
စစ်အစိုးရကတော့ အယ်နီညိုကြောင့် အပူချိန်တွေမြင့်မားလာပြီး ဓာတ်အားသုံးစွဲမှု မြင့်တက်လာတာ၊ ဓာတ်အား လိုအပ်ချက် တိုးလာတာကြောင့် လျှပ်စစ်မီးကို အလှည့်ကျသာ ဖြန့်ဝေနိုင်တော့မယ်လို့ အောက်တိုဘာ ၅ ရက်နေ့မှာ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

