မော်လမြိုင် ၊ အောက်တိုဘာ ၂၀
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရော်ဘာနဲ့ ဒူးရင်း တိုးချဲ့ စိုက်ပျိုးဖို့ စစ်တပ် အသွင်ပြောင်း အစိုးရအဖွဲ့ရဲ့ ဒုတိယ သမ္မတ ဦးညိုစောက ညွှန်ကြားလာပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့က သူရဲ့ ကရင်ပြည်နယ် ဘားအံမြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့ခရီးစဉ်မှာ ဒုသမ္မတ ဦးညိုစောက စစ်အစိုးရခန့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ဝန်ကြီးချုပ်တွေ အပါအဝင် တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တာပါ။
ဦးညိုစောက မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ဟာ ဒေသ တစ်ခုနဲ့ တစ်ခု ဆက်စပ်လျက်ရှိပြီး ရာသီဥတုနဲ့ ရေမြေ သဘာဝတူညီတဲ့အတွက် ဒေသနဲ့ကိုက်ညီတဲ့ စက်မှု ကုန်ကြမ်း သီးနှံတွေ ဖြစ်တဲ့ ဆီအုန်း၊ ရော်ဘာနဲ့ ဒူးရင်းတွေကို အောင်မြင်အောင် တိုးချဲ့ စိုက်ပျိုးဖို့ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် အောင်မြင်အောင် တိုးချဲ့ စိုက်ပျိုးဖို့အတွက် အထွက်နှုန်း လျော့နည်း ကျဆင်းနေတဲ့ သက်တမ်းရင့် စိုက်ခင်းတွေကို မျိုးကောင်းမျိုးသန့်တွေနဲ့ အစားထိုး ပြန်လည် စိုက်ပျိုးဖို့နဲ့ ကော်ဖီနဲ့ ကိုကိုးကိုပါ သီးညှပ် စိုက်ပျိုးဖို့ ညွှန်ကြားခဲ့တာပါ။
ရော်ဘာ လုပ်ငန်းရှင် တစ်ဦး ကတော့ ရော်ဘာတွေကို တိုးချဲ့ စိုက်ပျိုးဖို့ ဒုသမ္မတက ပြောပေမယ့် မြေပြင် အခြေအနေမှာတော့ ရော်ဘာ တိုးချဲ့ စိုက်ပျိုးဖို့ မြေမရှိတော့သလို ကော်ဖီနဲ့ ကိုကိုးကို သီးညှပ် စိုက်ပျိုးဖို့ မဖြစ်နိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရော်ဘာ တိုးချဲ့ စိုက်ပျိုးဖို့ မြေက မရှိတော့ဘူး၊ကုန်နေပြီ။အားလုံးက ရော်ဘာမြေ ဖြစ်ကုန်ပြီးလေ၊ မရှိတော့ဘူး။ ထပ်တိုးဖို့က စနစ်ဟောင်းမှာတော့ မလွယ်ဘူး။ စနစ်ဟောင်းမှာ မြောင်းက စိပ်တယ်၊ မြောင်းစိပ်တဲ့အခါကျတော့ ဒီက ရှည်တဲ့အခါကျတော့ အလုပ်မဖြစ်ဘူး။ ကော်ဖီတို့ ကိုကိုးတို့က အသစ် ပြန်စိုက်မှ ရမယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ရော်ဘာတွေကို တိုးချဲ့ စိုက်ပျိုးဖို့ ပြောပေမယ့် လက်ရှိ ရှိနေတဲ့ ရော်ဘာတွေကို အရည်အသွေး မြင့်မာတဲ့ ထုတ်ကုန်တွေ ဖြစ်အောင် ဆောင်ရွက်ပေးသင့်သလို နိုင်ငံတကာ ဈေးနှုန်း ရရှိအောင်လည်း ဈေးကွက်တွေကို တာဝန်ရှိသူတွေက ရှာဖွေပေးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာ ဒုသမ္မတ ဦးညိုစော ကတော့ တိရစ္ဆာန် အစားအစာ ဖြစ်တဲ့ အစေ့ထုတ် ပြောင်းကို ဖြစ်ထွန်း အောင်မြင်အောင် စိုက်ပျိုးဖို့ ပြောဆိုခဲ့တဲ့အပြင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး ထွက်ကုန်တွေကို တန်ဖိုးမြှင့် ထွက်ကုန် အဖြစ် ထုတ်လုပ် ဖြန့်ဖြူးရောင်းချဖို့ ညွှန်ကြားခဲ့တာပါ။
အခုလို အာဏာသိမ်း ဒုသမ္မတက စိုက်ပျိုးရေး လုပ်ငန်းတွေ တိုးချဲ့ဖို့ ပြောနေပေမယ့် မြေပြင် အခြေအနေမှာတော့ လုပ်သား ရှားပါးတာ၊ စိုက်ပျိုးရေး သွင်းအားစု ဈေးနှုန်း အဆမတန် ကြီးမြင့်နေတာအပြင် အထွေထွေ ကုန်ကျစရိတ်တွေ မြင့်မား နေတာကြောင့် စိုက်ပျိုးရေးသမားတွေ အခက်တွေ့ နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

