မော်လမြိုင် ၊ အောက်တိုဘာ ၂၀

နွေဦးတော်လှန်ရေးအခြေပြု အင်အားစုတွေ အပါအဝင် တိုင်းရင်းသားမဟာမိတ်တွေနဲ့ တပ်ပေါင်းစုအသွင် စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ မွန်တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပါဝင်ဖို့ အဖွဲ့အတွင်း ဆွေးနွေးနေဆဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF နဲ့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအင်အားစုတွေ အွန်လိုင်းကနေ ဒုတိယကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ SCEF က သတင်းထုတ်ပြန်ပါတယ်။

SCEF က ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ MSCC၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ CRMH တို့ အစည်းအ‌ဝေး ပြုလုပ်ခဲ့ကြတာပါ။

အဲဒီအစည်းအဝေးမှာ SCEF ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူးက ဆွေးနွေးတင်ပြခဲ့ပြီး မေးခွန်းမေးမြန်းတာ အပြန်အလှန်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့တဲ့ ပါတီခေါင်းဆောင်တွေရဲ့ ပြန်လည်ပြောကြားချက်ကို ကိုးကားပြီး မွန်ပြည်သစ်ပါတီ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက SCEF မှာ ပါဝင်ဖို့ မွန်အင်အားစုအတွင်း ဆွေးနွေးတဲ့ အခြေအနေရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“SCEF ရဲ့ လုပ်ငန်းဆောင်တာတွေကို SCEF ရဲ့ ခေါင်းဆောင်ဘက်ကနေ ရှင်းလင်းတင်ပြတာတွေ ရှိမယ်။ နောက်ပြီး ကျွန်တော်တို့ AD ခေါင်းဆောင်တွေက အဲဒီလုပ်ငန်းအပေါ်မှာ မေးမြန်းမှုတွေ အပြန်အလှန်ဆွေးနွေးမှုတွေတော့ ရှိတာပေါ့ဗျာ။ အဲဒါ အဓိက ဖြစ်တယ်။ နောက်တစ်ချက်က ကျွန်တော်တို့ မွန်တော်လှန်ရေးအင်အားစုဘက်ကတော့ SCEF ထဲမှာ ပါဝင်ဖို့အတွက် ကျွန်တော်တို့အတွင်းမှာ ဆွေးနွေးနေဆဲ အခြေအနေရှိတာပေါ့ဗျာ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကလည်း SCEF ရဲ့ ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအင်အားစုအသီးသီးက တာဝန်ရှိသူတွေ ပထမကြိမ် အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

အဲဒီတွေ့ဆုံခဲ့မှုအတွင်း မွန်ပြည်နယ်က တော်လှန်ရေးအင်အားစုတွေအားလုံး တစ်စုတစ်စည်းထဲ SCEF မှာ ပြည်နယ်ကိုယ်စားပြုအဖြစ် ပါဝင်ခဲ့ရင် နိုင်ငံရေးစစ်ရေး ပူးပေါင်းမှုတွေ လုပ်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက သံလွင်တိုင်းမ်ကို ဖြေကြားခဲ့ပါတယ်။

SCEF အနေနဲ့ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း” ဆိုတဲ့ မူဝါဒကို ကျင့်သုံးပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကို ဟန်ချက်ညီ ပူးတွဲဖော်ဆောင်ကာ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ်အင်အားစုတွေနဲ့ ဆက်လက်ညှိနှိုင်းပြီး လက်တွဲလုပ်ဆောင်သွားမယ်လို့ အသိပေးထားတာပါ။

ဒီအတွက် ပြီးခဲ့တဲ့ ဇူလိုင် တတိယပတ်ကစပြီး ရခိုင် ၊ မွန် နဲ့ ပအိုဝ်း စတဲ့ တိုင်းရင်းသားအင်အားစုတွေအပြင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA နဲ့ အခြားတော်လှန်ရေးအင်အားစုတွေကို SCEF က တစ်ဖွဲ့ချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ ပထမကြိမ် တွေ့ဆုံခဲ့ပါတယ်။

လက်ရှိမှာလည်း SCEF အနေနဲ့ အာရက္ခတပ်တော် AA ၊ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC တို့ကို အောက်တိုဘာအတွင်း ဒုတိယကြိမ် တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးထားကြတာပါ။

မဏ္ဍိုင်သုံးခုကို အခြေပြုထားတဲ့ SCEF မှာ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်အဖြစ် NUG နဲ့ CRPH တို့ ရှိနေပြီး ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်အဖြစ် KIO ၊ KNU ၊ CNF နဲ့ ကရင်နီပြည်တို့ ကနဦး ဖွဲ့စည်းချိန်ကတည်းက ပါဝင်ကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းမှာလည်း ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်အဖြစ် အညာဒေသအခြေစိုက် စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မကွေးဖယ်ဒရယ်ယူနစ် အပါအဝင် မန္တလေးဒေသတို့ SCEF အဖွဲ့ဝင်အဖြစ် ပါဝင်စုဖွဲ့ထားကြတာပါ။

ကျန်ရှိနေတဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်မှာတော့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအခြေပြု ကိုယ်စားပြုမှုအဖြစ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းများ ပေါင်းစပ်စုဖွဲ့မှုတွေကနေ ကိုယ်စားလှယ်တွေ ပါဝင်သွားဖို့လည်း ရှိနေတယ်လို့ SCEF ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP-AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.