မြဝတီ၊ အောက်တိုဘာ ၁၀

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုနယ်မြေအတွင်းရှိ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာမှာ အသုံးပြုတဲ့ တရားမဝင်အဆောက်အဦးတွေကို အောက်တိုဘာ ၆ ရက်နေ့ကစလို့ ဆက်လက်ဖြိုချဖျက်ဆီးနေတယ်လို့ စစ်အစိုးရက ထုတ်ပြန်ပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် KNA ခေါင်းဆောင် စောချစ်သူရဲ့ ထိန်းချုပ်ကွပ်ကဲမှုအောက်မှာရှိတဲ့ ရွှေကုက္ကိုနယ်မြေမှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ တရားမဝင်အဆောက်အဦး ၁၄၀ အနက် ပထမပိုင်းအနေနဲ့ ၇၇ လုံးကို ဖြိုချဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုတိယပိုင်းအနေနဲ့ ဖြိုချဖျက်ဆီးဖို့ ကျန်ရှိနေတဲ့ အဆောက်အဦး ၆၃ လုံးရှိပြီး အဲဒီအထဲမှာ ယာဉ်ယန္တရားတွေနဲ့ ဖြိုချဖျက်ဆီးမယ့် အဆောက်အဦး ၂၅ လုံး၊ ဖောက်ခွဲဖြိုချဖျက်ဆီးမယ့် အဆောက်အဦး ၄ လုံး၊ လူနေအိမ်တွေနဲ့ မလွတ်ကင်းလို့ လူအင်အားအသုံးပြုကာ တလွှာချင်းဖြိုချဖျက်ဆီးမယ့် အဆောက်အဦး ၃၄ လုံး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလိုဖြိုချဖျက်ဆီးရာမှာ ယာဉ်ယန္တရားအသုံးပြုပြီး ဖြိုချဖျက်ဆီးရမယ့် အဆောက်အဦးတွေအနက် ၅ ထပ်အဆောက်အဦး ၁ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးခဲ့ပြီး ၆၅ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီဖြစ်ကြောင်းနဲ့ ဖောက်ခွဲဖြိုချဖျက်ဆီးမယ့် ၆ ထပ်အဆောက်အဦး ၁ လုံးကို စနစ်တကျဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်အစိုးရဘက်က ဝါဒဖြန့်ထုတ်ပြန်ထားပါတယ်။

စစ်အစိုးရက ရွှေကုက္ကိုနယ်မြေမှာရှိတဲ့ ကျားဖြန့်လုပ်ဆောင်နေတဲ့ အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးမှုတွေ ဟန်ပြလုပ်ဆောင်နေပေမယ့် ရွှေကုက္ကိုမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားကျေးရွာတွေထဲမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေဆဲပဲလို့ ရွှေကုက္ကိုဒေသခံတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ ကျားဖြန့်လုပ်ငန်းတွေဟာ ရွှေကုက္ကိုရဲ့ မြောက်ဘက်ခြမ်း ဒေါနတောင်ခြေက KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း ထိန်းချုပ်ထားတဲ့ သေ့ကတေရွာမှာ နေရာပြောင်းရွှေ့ပြီး အဆောက်အဦးသစ်တွေ ထပ်မံဆောက်လုပ်ကာ ကျားဖြန့်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.