နေပြည်တော် ၊ အောက်တိုဘာ ၁၀
မြန်မာနိုင်ငံရဲ့ တကျော့ပြန် စစ်အာဏာသိမ်းမှုနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် သဘောထားတင်းမာတဲ့ မလေးရှားအစိုးရအနေနဲ့ စစ်အစိုးရကို ထိတွေ့ဆက်ဆံလာမှုအပေါ် ဒီမိုကရေစီအင်အားစုတွေက ကန့်ကွက်ကြပါတယ်။
အာဆီယံထဲ ပြန်လည်ဝင်ဆံ့ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို လှည့်လည်စည်းရုံးနေတဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က မလေးရှားနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် သွားရောက်ခွင့်ရခဲ့တဲ့အပေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံဟာ သေဆုံးသွားပြီဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပြန်ပါတယ်။
အာဆီယံဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းအခြေအနေတွေအပေါ် မူတည်ပြီး အကောင်းဆုံးဖြစ်အောင် တတ်နိုင်သလောက် ကြိုးပမ်းနေတဲ့အကြောင်း မလေးရှားခရီးစဉ်မှာ ဦးမင်းအောင်လှိုင်က ထုတ်ပြောခဲ့ပါတယ်။
နိုင်ငံခြားရေးမူဝါဒနဲ့အညီ ပကတိအခြေအနေတွေကို အခြေခံပြီး အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို စောင့်ရှောက်ကာ မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့ အာဆီယံနဲ့ ဆက်ဆံရေးတိုးတက်စေဖို့ လုပ်ဆောင်သွားမယ်လို့ အသိပေးထားတာပါ။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကလည်း သူတို့အစိုးရအနေနဲ့ အာဆီယံမှာ မြန်မာနိုင်ငံကို ပြန်လည်ပေါင်းစည်းစေရေး တတ်နိုင်သမျှ လုပ်ဆောင်ပေးမယ်လို့ အောက်တိုဘာ ၈ ရက်နေ့က ကွာလာလမ်ပူမြို့မှာ ပြုလုပ်တဲ့ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံဟာ အာဆီယံအတွက် အရေးကြီးတဲ့ နိုင်ငံဖြစ်ပြီး မလေးရှားအစိုးရအနေနဲ့ မြန်မာနဲ့ သံတမန်ဆက်ဆံရေးကောင်းတွေ ထားရှိရေးကို အမြဲအလေးထားတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြားထားတာပါ။
နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ပတ်သက်ပြီး မကြာသေးမီကာလက အတားအဆီးတချို့ ဖြစ်ပေါ်ခဲ့ပေမယ့် အခုခါမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ရမယ့်အချိန် ဖြစ်နေပြီလို့ ဆိုပါတယ်။
အထူးသဖြင့် မြန်မာဟာ အာဆီယံဆိုတဲ့ နောက်ခံအခြေအနေပါ မိသားစုဖြစ်ပြီး Bilateral အရ မြန်မာနဲ့ မလေးရှားကြား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကနေ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြာထားတာပါ။
ဦးမင်းအောင်လှိုင်ကလည်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအဖြစ် အတည်ပြုထားတဲ့ သူတွေကို ရေတပ်က သင်္ဘောတွေ စေလွှတ်ပြီး အမြန်ဆုံးခေါ်ဆောင်သွားမယ်လို့ သဘောတူထားတာပါ။
ဒါဟာ အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရအနေနဲ့ အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် သဘောထားတင်းမာတဲ့ မလေးရှားအစိုးရကို မြန်မာဒုက္ခသည်အရေးနဲ့ အပေးအယူလုပ်တဲ့ သဘောလို့ နားလည်ရပါတယ်။
လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က နှစ်ဘက်စလုံးက အကျိုးစီးပွားတွေ ရှိနေကြတဲ့အပေါ် ဖုံးဖိပြီး ကာကွယ်ပြောဆိုနေကြတဲ့အတွက် အာဆီယံထဲ ဝင်ဆံ့ရေးမှာ ထိရောက်မယ် မထင်ဘူးလို့ သုံးသပ်ပါတယ်။
“နှစ်ဘက်စလုံးကလေ ကိုယ့်ရဲ့ အကျိုးစီးပွားတွေကို ဖုံးဖိထားကြတာ။ အန်ဝါရဲ့ အကျိုးစီးပွားက သူ့ရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရေး၊ မင်းအောင်လှိုင်ကလည်း အာဆီယံမှာ လူရာဝင်ရေး အကျိုးစီးပွား။ အဲဒါတွေကို ဖုံးဖိပြီးတော့ ကာကွယ်ပြောဆိုနေတဲ့အတွက် ကျွန်တော်ထင်ပါတယ်၊ သိပ်အကြီးကြီးတော့ ထိရောက်မယ်မထင်ဘူး။ နံပါတ်အရ ပြောရင် ၁၁ နိုင်ငံမှာတော့ ၅ နိုင်ငံဆိုတော့ (သွားရောက်ထားပြီး) ၆ နိုင်ငံတော့ ကျန်ပါသေးတယ်။ အဲဒီတော့ ကျွန်တော်ထင်တာကတော့ အထူးသဖြင့် ဘုံသဘောတူညီချက်တွေကိုရော ဆွေးနွေးလား မဆွေးနွေးလား ဘယ်သူမှ သေချာမသိဘူးလေ”လို့ ဆိုပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ စစ်အစိုးရဘက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မရှိသလောက်ဖြစ်နေတဲ့အပေါ် စစ်အသုံးစရိတ်ကလည်း ထောင်းနေတာကြောင့် ဘဏ္ဍာငွေလိုအပ်မှုကလည်း မြင့်တက်နေတယ်လို့ သူက ထောက်ပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ဦးစားပေးဖိတ်ခေါ်နေတဲ့အပေါ် မလေးရှားနိုင်ငံက ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံဖို့ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားတာပါ။
အဲဒီထဲမှာ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနဲ့ နည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာ စက်ရုံတွေ တည်ဆောက်ရေး၊ အအေးခန်းသိုလှောင်ရုံတွေနဲ့ စားနပ်ရိက္ခာဖြန့်ဖြူးရေးလုပ်ငန်းတွေ တည်ထောင်ရေးနဲ့ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တွေလည်း ပါဝင်ပါတယ်။
တစ်ဘက်မှာတော့ စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွင်းက ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့မှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ထားပြီး ရွှေ့ပြောင်းလုပ်သားအရေးကိုလည်း ဆွေးနွေးခဲ့ကြတာပါ။
ဒီအတွက် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းဖို့ လိုအပ်တာကို လက်ခံထားတဲ့အတွက် လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှုရှိအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။
စစ်အစိုးရအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့တိုင် အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့မှုကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားတာပါ။
ဒါကြောင့် အာဏာသိမ်းမှုကို အရင်းခံပြီး အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းခဲ့ပေမယ့် အာဆီယံရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုကို မရရှိသေးတဲ့အပေါ် အဖွဲ့ဝင်နိုင်ငံတွေကနေတဆင့် ချဉ်းကပ်လာနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကနေ ကိုယ်တိုင်ခန့် သမ္မတရာထူးကို ရယူပြီးနောက် ဦးမင်းအောင်လှိုင်အနေနဲ့ ပြည်ပခရီးစဉ်အဖြစ် မိတ်ဖက်နိုင်ငံတွေအပါအဝင် အာဆီယံအဖွဲ့ဝင် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ထားပြီး ဖြစ်ပါတယ်။
အဲဒီနိုင်ငံတွေဟာ မြန်မာစစ်အစိုးရကို အာဆီယံအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့လာနိုင်ရေးအတွက် ထောက်ခံပေးသွားမယ်လို့ ပြောဆိုထားကြပြီး ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကလည်း ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားဖို့ စီစဉ်နေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဒေါက်တာ ခိုင်ခိုင်စိုးက အသိပေးထားတာပါ။
ဦးတိုးဇော်လတ်ကတော့ Bilateral အရ ထိတွေ့ဆက်ဆံပြီး မျက်နှာမပျက်အောင် ပြောဆိုထားကြပေမယ့် အကောင်အထည်ဖော်မှုတွေ မတွေ့ရသေးဘဲ စစ်ရာဇဝတ်မှုတွေ ရှိနေသရွေ့ အာဆီယံဘုံသဘောတူညီချက်ကို ခြေဖျက်ဖို့ မဖြစ်နိုင်ဘူးလို့ ထောက်ပြပါတယ်။
“မြန်မာရဲ့ သံတမန်ရေးကိစ္စကို အာဆီယံကိုပဲ အကုန်လုံး ဘော်လီဘောပုတ်ပြီးတော့ ရှင်းခိုင်းထားသလို ဖြစ်နေတော့ အရင်ကထက်တော့ နည်းနည်းလေး လူရာဝင်သယောင်ရှိပေမယ့် အခုလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ အခုဆိုရင် တော်တော်ဆိုးပါတယ်။ ဒီခရီးစဉ်မတိုင်ခင် ရခိုင်မှာ ဗုံးကြဲထားတာ ကျောက်တော်မှာ စစ်ရာဇဝတ်ပြစ်မှုတွေ ရှိနေသေးသရွေ့တော့ မျက်နှာပြောင်တိုက်ပြီး ချက်ခြင်းကြီး ပြန်ဆွဲသွင်းဖို့ အခြေအနေက သိပ်မမြင်သေးဘူးလို့ပဲ ပြောပါရစေခင်ဗျ”လို့ ဆိုပါတယ်။
ဦးမင်းအောင်လှိုင်အနေနဲ့ ၁၅ နှစ်ကြာ ထမ်းဆောင်ခဲ့တဲ့ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး စစ်တပ်မှာ တပ်ချုပ်အပြောင်းအလဲလုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အရပ်သားပစ်မှတ်တွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပါတယ်။
ဒါကြောင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ မြင့်တက်လာနေသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကလည်း အထူးသဖြင့် စစ်တပ်ရဲ့ လက်လွှတ်နယ်မြေတွေ ပြန်လည်ရရေး ကြိုးပမ်းမှုအတွင်း ပိုမိုဆိုးရွားလာနေတာပါ။
ဒီအခြေအနေမှာ မြန်မာဒုက္ခသည်အရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့ ဝန်ကြီးချုပ် အန်ဝါက အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်မှာ ဦးမင်းအောင်လှိုင်ကို မလေးရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် လာရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်နဲ့ပတ်သက်ပြီး တပ်ပေါင်းစုအသွင်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF က ကန့်ကွက်ခဲ့သလို စစ်အုပ်စုအပေါ် နိုင်ငံတော်အဆင့် တရားဝင်မှု ထပ်မံအတည်ပြုပေးတာ ဒါမှမဟုတ် ပေးအပ်တာကနေ ရှောင်ရှားပေးဖို့ မလေးရှားအစိုးရကို တိုက်တွန်းတောင်းဆိုထားတာပါ။
တစ်ဘက်မှာတော့ မလေးရှားအစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် လေယာဉ်ပြုပြင်မွမ်းမံတဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေတဲ့အပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ဝန်ဆောင်မှု၊ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်းနဲ့ အိမ်ခြံမြေကဏ္ဍတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ Justice for Myanmar က ဖော်ထုတ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PPM

