ပေါင်၊ အောက်တိုဘာ ၇
မွန်ပြည်နယ် ပေါင်မြို့နယ် မုကျိကျေးရွာ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းမှာ ရထားတိုက်ခံရတာကြောင့် အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၆ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ပေါင်ဘူတာကနေ မော်လမြိုင်ဘူတာသို့ ထွက်ခွာလာတဲ့ အမှတ် ၈၃ အဆန် DEMU ရထားဟာ မုကျိကျေးရွာအနီးမှာ ရထားတိုက်မှု ဖြစ်ပွားနေပါတယ်။
ရထားတိုက်မှုကြောင့် ရထားသံလမ်းပေါ်အိပ်နေတဲ့ အသက် ၄၀ အရွယ် ပေါင်မြို့နယ် မုကျိကျေးရွာနေ ကိုဇေယျာလင်းဟာ ဘယ်ဘက်လက်ပြတ်ပြီး ဦးခေါင်းကြေမွဒဏ်ရာနဲ့ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ရထားတိုက်ခံရပြီး သေဆုံးသွားတဲ့ ကိုဇေယျာလင်း အလောင်းကိုတော့ မြို့ခံ လူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး ပေါင်မြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ပေါင်မြို့နယ်မှာ ရထားတိုက်ခံရမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး တစ်နှစ်လျှင် အနည်းဆုံး လူ သုံးဦးထက်မနည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

