ဆော၊ အောက်တိုဘာ ၇
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ သုံးလအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းမှုတွေကြောင့် အမျိုးသမီး ၁၁၂ ဦးနဲ့ အမျိုးသား ၁၇၂ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၄ ဦး ပါဝင်ခဲ့ပြီး အများစုမှာ စစ်အုပ်စုရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂၀၃ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အဲဒီကာလအတွင်း သေဆုံးခဲ့တဲ့ အရပ်သား ၂၀၄ ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ၂၇ ရက်နေ့က မကွေးတိုင်း ဆောမြို့နယ်အတွင်းရှိ ငှက်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရွာခံ ဒေါ်သီတာဝင်းနဲ့ မချောစုတို့ ဗုံးစထိမှန်သေဆုံးခဲ့ပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မတရား စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့အထိ စစ်အုပ်စုနဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၈၄၉၄ ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

