မကွေး အောက်တိုဘာ ၇

ချင်း–မကွေးအစပ်မှာ အာဏာသိမ်း စစ်တပ်ဘက်က အထိနာနေလို့ အင်အားထပ်ဖြည့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ်ရဲ့ စစ်ယာဉ်တန်းဟာ မင်းဘူးမြို့ကနေ လောင်းရှည်ဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

“ကျင်ဒွေးဘက်ကို စစ်ကြောင်းတက်တာ အထိနာနေလို့ ထပ်ပြီးတော့ အင်အားဖြည့်လာတာပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မဆာတွီဘက်မှာ အထိနာနေတာ။” လို့ ဆောမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်ဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကို ထိုးစစ်ဆင်ဖို့ အင်အား ၁,၀၀၀ ကျော် အသုံးပြုပြီး စက်တင်ဘာလကတည်းက စစ်ကြောင်းထိုးနေတာပါ။

လက်ရှိ အောက်တိုဘာလအထိလည်း ကျင်ဒွေးနဲ့ လောင်းရှည်ကို ဆက်သွယ်ထားတဲ့ လမ်းတလျှောက်၊ ဆွဲလွဲကျင်းနဲ့ မဆာတွီဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်တပ် တပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ကျင်ဒွေးမြို့ကိုတော့ တော်လှန်ရေးတပ်တွေက ၂၀၂၄ ခုနှစ် ဧပြီလကတည်းက ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး မေလအတွင်း စစ်တပ်က ပြန်လည်ရယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

အခုလို အင်အား ၃၀၀ ကျော် ထပ်မံဖြည့်တင်းလာတာကတော့ ချင်း–မကွေးအစပ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေကပြော​ဆို​နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.