သံဖြူဇရပ်၊ စက်တင်ဘာ ၂၄

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရွာသာအေးကျေးရွာအနီး သံဖြူဇရပ်လမ်းပိုင်းမှာ မွန်ပြည်နယ် စားသုံးသူရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က ကျိုက္ခမီမြို့ကနေ မော်လမြိုင်ကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့ မွန်ပြည်နယ် စားသုံးသူရေးဦးစီးဌာန အငယ်တန်းစာရေးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဦးမျိုးသီဟကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီဝန်ထမ်းကို သံဖြူဇရပ်လမ်းပိုင်း ဇင်ပြွန်းပင်လမ်းဆုံမှာ စစ်ဆေးရေးလုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ မွန်ပြည်နယ် စားသုံးသူရေးဦးစီးဌာန ဝန်ထမ်း ဦးမျိုးသီဟဟာ စက်တင်ဘာ ၂၄ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးသလို မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

ဒီဖမ်းဆီးမှုကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

သံဖြူဇရပ် – ရေးလမ်းပိုင်းမှာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက မကြာခဏဆိုသလို လမ်းပေါ်တက် စစ်ဆေးရေးလုပ်တာ၊ စစ်အစိုးရ လက်အောက်ခံ Non CDM ဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ ရှိနေပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရကတော့ သံဖြူဇရပ် – ရေးလမ်းပိုင်းမှာ ဝန်ထမ်းတွေ အသွားအလာ မလုပ်ကြဖို့နဲ့ အရေးကြီး သွားလာစရာရှိရင် သတင်းပို့ပြီးမှ သွားလာကြဖို့ ပြီးခဲ့တဲ့ကာလတွေကတည်းက ညွှန်ကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.