မော်လမြိုင် စက်တင်ဘာ ၂၄
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး လက်ရှိ သမ္မတအဖြစ် တာဝန်ယူနေတဲ့ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့အနေနဲ့ “အလွန်အမင်း သက်ညှာခဲ့တယ်” လို့ ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်မဂ္ဂဇင်း Time နဲ့ အင်တာဗျူးမှာ မင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ မင်းအောင်လှိုင်ဘက်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု အကြီးအကျယ်ရှိခဲ့တာကြောင့် အာဏာသိမ်းခဲ့ရတာလို့ အကြောင်းပြခဲ့ပါတယ်။
လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုအမျိုးမျိုးနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရပြီး ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။
“ကျွန်တော် သူ့(ဒေါ်အောင်ဆန်းစုကြည်)အပေါ် အလွန်အမင်း သက်ညှာခဲ့ပါတယ်။ အခြေအနေက ဒီအဆင့်အထိ မရောက်လာအောင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ ကြိုးစားခဲ့ပါတယ်” လို့ မင်းအောင်လှိုင်က Time ကို ပြောခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ စစ်တပ်ကနေ အငြိမ်းစားယူပြီး ဧပြီလမှာ အရပ်သားသမ္မတအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ သီးခြားဖယ်ထားမှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံခြားရေးခရီးစဉ်တွေ ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။
ဒါပေမယ့် အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကြောင့် နိုင်ငံအများအပြားက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအပေါ် စိုးရိမ်မှုတွေ ဆက်လက်ရှိနေပါတယ်။
မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ ပတ်သက်ပြီး “သူ့အပေါ် မူတည်ပါတယ်” လို့ ပြောခဲ့သလို၊ သူတို့ဘက်ကနေ ပြန်လည်စဉ်းစားဖို့ အကြောင်းပြချက်တွေ ပေါ်ပေါက်လာမယ်ဆိုရင် အခြေအနေပြောင်းလဲနိုင်တယ်လို့လည်း အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ ဧပြီလအတွင်း နေပြည်တော်အကျဉ်းထောင်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ဖို့ ကိုယ်တိုင် အမိန့်ပေးခဲ့ပါတယ်။ အဲဒီကာလဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့အချိန်လည်း ဖြစ်ပါတယ်။
၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ ဇန်နဝါရီအထိ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ မင်းအောင်လှိုင်ကို အာဏာရစေဖို့ စစ်တပ်ဘက်က ထိန်းချုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကိုလည်း ပါဝင်ခွင့်မရအောင် ဖယ်ရှားထားခဲ့ပါတယ်။
မင်းအောင်လှိုင်ရဲ့ အစိုးရဟာ အမည်အားဖြင့် အရပ်သားအစိုးရဖြစ်ပေမယ့် စစ်တပ်ရဲ့ လက်အောက်ခံ အုပ်ချုပ်ရေးပုံစံတစ်ရပ်အဖြစ် လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဒီအခြေအနေမှာ မင်းအောင်လှိုင်က Time နဲ့ အင်တာဗျူးအတွင်း “ဒီမိုကရေစီဆိုတာ ပုံစံအမျိုးမျိုး ရှိပါတယ်။ အမေရိကန်ဒီမိုကရေစီရှိသလို ဥရောပဒီမိုကရေစီလည်း ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ အစဉ်အလာတွေနဲ့ အမှန်တကယ်ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်တစ်ခု ဖြစ်လာအောင် ကျွန်တော် အာမခံဆောင်ရွက်သွားမယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို လျှော့ပေါ့ပေးနိုင်မယ့် အလားအလာကို နိုင်ငံတကာနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အသုံးချနေတယ်လို့ လေ့လာသူတချို့က သုံးသပ်ထားပေမယ့် အဲဒီသုံးသပ်ချက်ဟာ လေ့လာသူတွေရဲ့ အမြင်သာဖြစ်ပါတယ်။
Ref:TheStraitTimes

