မော်လမြိုင် ၊ စက်တင်ဘာ ၂၃
ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ရဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်မှာ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအခြေပြု ကိုယ်စားပြုမှုအဖြစ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းများ ပေါင်းစပ်စုဖွဲ့မှုတို့ကနေ ကိုယ်စားပြုပြီး ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်သွားဖို့ ရှိနေပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့က SCEF ရဲ့ အမျိုးသမီးမဏ္ဍိုင်ဖော်ဆောင်ရေးအတွက် SCEF အတွင်းရေးမှူးအဖွဲ့နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီတို့ အစည်းအဝေးလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။
အစည်းအဝေးမှာ SCEF အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးမဏ္ဍိုင်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပြင်ဆင်ချက်တွေကို SCEF အတွင်းရေးမှူးအဖွဲ့က ဒေါ်ဇူးပဒုမ္မာနဲ့ SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီက ဒေါ်အေးဆောင်၊ နော်ဆဲဆဲတို့ တင်ပြခဲ့ကြပါတယ်။
အဲဒီဆွေးနွေးချက်တွေကနေ SCEF ရဲ့ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင်မှာ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအခြေပြု ကိုယ်စားလှယ်တွေ ပါဝင်သွားမှာဖြစ်ပြီး ညှိနှိုင်းဆွေးနွေးရမယ့် အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြတာပါ။
ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက် အမျိုးသမီးတွေရဲ့ အင်အား ပံ့ပိုးမှုနဲ့ စွမ်းအားတွေကို အသိအမှတ်ပြုတာလို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ခေါင်းဆောင် နာင်းမို့မို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အထူးသဖြင့် ခေါင်းဆောင်မှု ဖွဲ့စည်းပုံတွေမှာ တရားဝင်ထည့်သွင်းလာတာဖြစ်တယ်လို့ ပြောတဲ့အခါမှာ အမျိုးသမီးတွေကို နိုင်ငံရေးအင်အားစုတစ်ရပ်အနေနဲ့ အသိအမှတ်ပြုတဲ့အပြင်ကို အမျိုးသမီးတွေက နိုင်ငံရေးလုပ်ပိုင်ခွင့် နိုင်ငံရေးအာဏာတွေနဲ့ ပတ်သက်လို့ရှိရင် ကျန်တဲ့ အမျိုးသားတွေ ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တန်းတူဖြစ်တယ်ဆိုတဲ့ဟာကို အသိအမှတ်ပြုတာဖြစ်တယ်လို့ ကျွန်မတော့ မြင်တယ်။ အဲဒီတော့ ဒါက ဘယ်လောက်ထိ အရေးကြီးသလဲဆိုရင် ကျွန်မတို့ အမျိုးသမီးထုအတွက်ပဲ မကဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းတဲ့အခါမှာ ဒါက အရေးကြီးတဲ့ စတင်လုပ်ဆောင်မှုဖြစ်တယ်လို့ ကျွန်မတို့က ယုံကြည်တယ် ”လို့ ဆိုပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်မှာ အဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဖက်ဒရယ်ဆိုင်ရာ လှုပ်ရှားမှုတွေမှာ တစိုက်မတ်မတ် ပါဝင်ခဲ့တဲ့ အတွေ့အကြုံရှိသူတွေကို ရွေးချယ်ထားပြီးဖြစ်သလို ကျန်တဲ့ အမျိုးသမီးအင်အားစုတွေကလည်း အင်အားစုတစ်ရပ်အဖြစ် ပါဝင်သွားဖို့ ရှိမယ်လို့ သူက ဆက်ပြောပါတယ်။
လောလောဆယ်မှာ စတင်တဲ့ကာလဖြစ်လို့ လွတ်လပ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုနဲ့ ကိုယ်စားပြုမှုကို ထင်ဟပ်စေတဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖြစ်ဖို့ အခြားသော ကိုယ်စားပြုမဏ္ဍိုင်တွေ အစုအဖွဲ့တွေနဲ့ တန်းတူဖြစ်ရေးကိစ္စတွေမှာ ဆက်လက်ညှိနှိုင်းသွားဖို့ ရှိနေတယ်လို့ နာင်းမို့မို့က ရှင်းပြပါတယ်။
SCEF ကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု/ကိုယ်စားလှယ်များမဏ္ဍိုင် သုံးရပ်ကို အခြေခံပြီး ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။
စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ဖို့ဆိုတဲ့ SCEF ရဲ့ မျှော်မှန်းချက်နဲ့ မဟာဗျူဟာရည်မှန်းချက်ဟာ နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုကို စတင်တာလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေ အမျိုးသမီးအစုအဖွဲ့တွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေ ထင်ဟပ်တဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ ဖော်ဆောင်သွားမယ်လို့ အသိပေးထားတာပါ။
စတင်ဖွဲ့စည်းချိန်မှာ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ ရှိနေပြီး ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်မှာတော့ KIO ၊ KNU ၊ CNF နဲ့ ကရင်နီပြည်တို့ ပါဝင်ကြပါတယ်။
လက်ရှိမှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်မှာ အညာဒေသအခြေစိုက် စစ်ကိုင်းဖက်ဒရယ်ယူနစ် နဲ့ မကွေးဖယ်ဒရယ်ယူနစ် အပါအဝင် မန္တလေးဒေသတို့လည်း SCEF အဖွဲ့ဝင်အဖြစ် စုဖွဲ့လာနိုင်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် SCEF ရဲ့ လစ်လပ်နေတဲ့ အမျိုးသမီးကိုယ်စားပြု/ကိုယ်စားလှယ်များမဏ္ဍိုင်မှာ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအခြေပြု ကိုယ်စားပြုမှုအဖြစ် ကိုယ်စားလှယ်တွေ ပါဝင်ဖို့ အခုလို အစည်းအဝေးလုပ်ဆောင်ခဲ့တာပါ။
အစည်းအဝေးမှာ SCEF အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်တွေ၊ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီက ကိုယ်စားလှယ်တွေ မူဝါဒအကြံပေးအဖွဲ့ အဖွဲ့ဝင်တွေနဲ့ အခြားတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ SCEF က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SCEF

