မော်လမြိုင် ၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ်မှာ စစ်တပ် အသွင်ပြောင်း အစိုးရအဖွဲ့က ထိုင်းကုန်ပစ္စည်းမှန်သမျှ တခြားဒေသသို့ ပါဆယ်ပို့ခွင့် ပိတ်ပင်ထားတယ်လို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်အစိုးရဟာ အခြေခံ စားသောက်ကုန်တွေ၊ ဆေးဝါးတွေ၊ လူသုံးကုန်တွေအပြင် တခြား ကုန်ပစ္စည်း မှန်သမျှ ထိုင်းစာသား ပါပါက တစ်နိုင်တစ်ပိုင် ဖြစ်စေ၊ အထုပ်သေး တစ်ထုပ် ဖြစ်စေ လုံးဝ မသယ်ဆောင်ဖို့ ညွှန်ကြားထားတာပါ။
စစ်အစိုးရရဲ့ ညွှန်ကြားကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေဟာ ထိုင်းစာသား ပါတဲ့ ကုန်မှန်သမျှကို လက်ခံ ပို့ဆောင် ပေးတာ မရှိတော့ဘဲ ပြည်တွင်း ထုတ်ကုန်တွေကိုသာ ပို့ဆောင်နေရပါတယ်။
သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကတော့ ထိုင်းကုန် ပစ္စည်း သယ်ယူပို့ဆောင်တာတွေကို လုံးဝ တင်းကျပ် ထားတာကြောင့် ထိုင်းကုန်ပစ္စည်းမှန်သမျှ ပို့ဆောင် ပေးတာ မရှိတော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ထိုင်းကုန်တွေကို ရန်ကုန်အပါအဝင် တခြား ဒေသတွေကို လုံးဝ မသယ်ဖို့ဆိုပြီး သက်ဆိုင်ရာက ညွှန်ကြား ထားတာ ရှိတယ်။ ကျွန်တော်တို့က ပို့ပေးလို့ မရဘူးပေါ့။ သူတို့ ပြောတာတော့ ထိုင်းစာသား ပါရင် ခေါက်ဆွဲခြောက် တစ်ထုပ်ပဲ ဖြစ်ဖြစ် ငါးသေတ္တာ တစ်ဘူးပဲ ဖြစ်ဖြစ် လုံးဝ မပို့ဖို့ ပြောထားတာ။ ပြောထားတော့ ပို့ရင် ပစ္စည်းသိမ်းတာတို့ လုပ်ငန်း ထိခိုက်တာတို့ ဖြစ်မှာစိုးလို့ ကျွန်တော်တို့က မပို့ပေးတော့တာ” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အစိုးရ လက်အောက်ခံတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးတဲ့ နေရာမှာတော့ ထိုင်းစာသား ပါရှိတဲ့ ကုန်ပစ္စည်း မှန်သမျှကို သိမ်းဆည်တာ ရှိသလို ကုန်ပစ္စည်းများပါက သယ်ဆောင် လာသူကိုပါ အရေးယူတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာတော့ စစ်အစိုးရ လက်အောက်ခံတွေဟာ ထိုင်းကုန် ပစ္စည်းတွေကို တရားမဝင် ကုန်းပစ္စည်းတွေဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ဝင် မြို့ထွက် ဂိတ်တွေမှာ ဖမ်းဆီးတာ၊ ထိုင်းကုန်ပစ္စည်း ဝင်ရောက်ရာ လမ်းကြောင်းတွေမှာ ဖမ်းဆီးတာ၊ ကုန်ပစ္စည်း သိုလှောင်ရုံနဲ့ဈေးတွေမှာကအစ ရှောင်တခင် ဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။
ထိုင်းကုန်တွေကို စစ်အစိုးရက တင်းတင်းကျပ်ကျပ် ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသတွင်းအပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ထိုင်းကုန်ပစ္စည်း အများစု ပြတ်လပ်တာ ရှိသလို ဈေးနှုန်းတွေပါ အဆမတန် မြင့်တက် လာတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
ထိုင်းကုန် ပစ္စည်းတွေကိုတော့ ကုန်သည်တွေက တရားဝင် တင်သွင်းနိုင်ဖို့ အတွက် လုပ်ဆောင်နေပေမယ့် အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရကတော့ သွင်းကုန် လိုင်စင်တွေကို တင်းကျပ်ထားတာကြောင့် လက်ရှိမှာ မှောင်ခို တင်သွင်းတဲ့ ဈေးကွက် ဖြစ်လာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

