နေပြည်တော် ၊ စက်တင်ဘာ ၁၁
အာဏာသိမ်းမှုကို အရင်းခံပြီး စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union) MPU ကို ဖွဲ့စည်းထားတယ်လို့ မြန်မာနိုင်ငံပြန်တမ်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံပြန်တမ်းမှာ ပြည်ထောင်စုလွှတ်တော်ရုံးရဲ့ အမိန့်ကြော်ငြာစာအရ MPU ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၄-ခ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေပုဒ်မ ၄ တို့နဲ့အညီ ဖွဲ့စည်းတာလို့ ဆိုထားပါတယ်။
MPU မှာ ဥက္ကဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုဥက္ကဌအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခင်ရီ၊ အတွင်းရေးမှုးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးဂျဲန်ဖန်နော်တောင်(ခ)ဦးနော်တောင်နဲ့ အဖွဲ့ဝင်တွေအဖြစ် တိုင်းနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌတွေလည်း ပါဝင်ပါတယ်။
လွှတ်တော်အသီးသီးရဲ့ လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းတွေ မှန်ကန်ခိုင်မာပြီး ပြည်ထောင်စုအဆင့် လွှတ်တော်တွေနဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ် လွှတ်တော်တွေအကြား လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာလွှတ်တော် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု၊ အတွေ့အကြုံဖလှယ်မှုတွေ တိုးတက်လာစေရေးနဲ့ ဒီမိုကရေစီစနစ် ပိုမိုဖြစ်ထွန်းလာစေရေးအတွက် လုပ်ငန်းအစီအစဉ်တွေ ချမှတ်နိုင်ဖို့ ရည်ရွယ်ပြီး MPU ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
တစ်ဘက်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့ အဓိကဆွေးနွေးဘက် မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုထားတာပါ။
ဒီအခြေအနေမှာ MPU ကို ဖွဲ့စည်းတာဟာ လွှတ်တော်ရဲ့ လုပ်ငန်းဆိုင်ရာ တိုးတက်ကောင်းမွန်စေဖို့ တခုတည်းမဟုတ်ဘဲ စစ်အစိုးရရဲ့ လွှတ်တော်ဟာ နိုင်ငံတကာနဲ့ ဆက်ဆံနိုင်တဲ့ အင်စတီကျူးရှင်းတစ်ခုအဖြစ် ပြသနိုင်ဖို့ ကြိုးပမ်းတာလို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြပါတယ်။
ဒါ့အပြင် နိုင်ငံရေးအရ တရားဝင်မှုရဖို့ ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်သလို နိုင်ငံတကာပါလီမန်များအဖွဲ့ IPU နဲ့ အာဆီယံပါလီမန်များညီလာခံ AIPA မှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်အဖွဲ့အစည်းက လွှတ်တော်ကို ကိုယ်စားပြုမလဲဆိုတဲ့ ပြိုင်ဆိုင်မှုတွေလည်း ရှိနေတာပါ။
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ CRPH ရဲ့ အခန်းကဏ္ဍကို ပြိုင်ဆိုင်ဖို့ နဲ့ နိုင်ငံရေးအရ တရားဝင်မှုကို ပြန်လည်သိမ်းယူနိုင်ဖို့ စစ်အစိုးရက MPU ကို ဖွဲ့စည်းတာလို့ အခုလို သုံးသပ်ပါတယ်။
“အဲဒီတော့ ဒီဟာအနေနဲ့ ဘာဖြစ်လာမလဲဆိုရင် အခုလက်ရှိ အနေအထားမှာတော့ CRPH ကို လက်ခံထားတဲ့ဟာရယ်၊ နောက် CRPH နဲ့ တောက်လျှောက် ဆက်ဆံရေးရှိနေတဲ့ အနေအထားအရ MPU ကို ပြောင်းလဲပြီး လက်ခံလာဖို့ဆိုတာက ချက်ခြင်းမှာတော့ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ဒီလိုမျိုး ဖွဲ့ စည်းပြီးတော့ အသွင်ပြောင်းအစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံတွေရဲ့ လွှတ်တော်တွေနဲ့ ပိုပြီးတော့ ချိတ်ဆက်လာခြင်းအားဖြင့် ဒီနိုင်ငံအတွင်းမှာ ဒီလိုမျိုး လွှတ်တော် အင်စတီကျူးရှင်းတွေက နိုင်ငံတကာချိတ်ဆက်မှုတွေနဲ့ ပုံမှန်ပြန်ဖြစ်သွားပြီး နောက် အခုလက်ရှိ အသွင်ပြောင်းအစိုးရက တရားဝင် အစိုးရဖြစ်ပါတယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် ဖန်တီးတည်ဆောက်လာနိုင်တယ်လို့ ကျွန်တော်တို့ မှန်းထားလို့ ရပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်းပြီး အစိုးရအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေပေမယ့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုကို မရရှိသေးပါဘူး။
အဲဒီရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်တွေနဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေလည်း အလားတူ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကတော့ သူဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်တွေဟာ ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူလူထုကနေ ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲ့အစည်းတွေလို့ အမြဲလိုလို ကြွားဝါလေ့ရှိပါတယ်။
စစ်အစိုးရကို ထောက်ခံတဲ့ မိတ်ဖက်နိုင်ငံတွေထဲက ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ လာအိုနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်တွေအတွင်း လွှတ်တော်အချင်းချင်း ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ တစ်နိုင်ငံချင်းအလိုက် မတူညီတဲ့ ဆွေးနွေးမှုတွေလည်း ရှိခဲ့တာပါ။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လုပ်ဆောင်ချက်တွေ မရမချင်း ကျူးလွန်သူတွေကို အရေးယူပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တိုက်တွန်းခဲ့ပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးခင်ရီကတော့ နိုင်ငံတော်ကို ပြည်တွင်းပြည်ပက ဝိုင်းဝန်းဝေဖန်တိုက်ခိုက်နေချိန်မှာ လွှတ်တော်ကနေ အကူအညီပေးတာဟာ အကောင်းဆုံးလို့ ထုတ်ပြောထားတာပါ။
ဒါ့အပြင် အာဆီယံပါလီမန်များအဖွဲ့ AIPA နဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ IPU မှာ သူတို့ လွှတ်တော်ကို အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းသွားမယ်လို့ သူက ကြွေးကြော်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့ကို သီးခြားစီ လာရောက်တွေ့ဆုံကာ လွှတ်တော်ချင်း၊ ကော်မတီချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်း အာဆီယံပါလီမန်များညီလာခံ AIPA နဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ IPU တို့ကနေတဆင့် နှစ်နိုင်ငံလွှတ်တော်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမယ်လို့ ဦးခင်ရီက ပြောကြားထားတာပါ။
ဒီလိုမျိုး နိုင်ငံရေးအရ တရားဝင်မှုရဖို့ အားပြိုင်နေမှုအတွင်း စစ်အစိုးရဘက်က ဖွဲ့စည်းထားတဲ့ MPU ကနေတဆင့် ကမ္ဘာ့ပါလီမန်အဖွဲ့အစည်းတွေမှာ ဝင်ဆံ့နိုင်အောင် ကြိုးပမ်းတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က သုံးသပ်ပါတယ်။
“ပထမတော့ De facto (လက်တွေ့မြေပြင် ထိန်းချုပ်မှု) ပေါ့ကွာ။ အဲဒီကနေ De jure ဖြစ်လာပြီပေါ့။ De jure (ဥပဒေအရ/ရွေးကောက်ပွဲအရ အသိအမှတ်ပြုမှု) ဖြစ်လာအောင်လည်း သူတို့က (စစ်အစိုးရ/စစ်လွှတ်တော်) လုပ်ပြတယ်။ De jure ဖြစ်ပြီ အသိအမှတ်ပြုတဲ့ နိုင်ငံတွေကလည်း များလာတယ်။ De facto ပဲ မင်းတို့က De jure မဟုတ်သေးဘူးဆိုတဲ့ (အာဏာသိမ်း စစ်အစိုးရနဲ့ တော်လှန်ရေးအင်အားစု) အချင်းချင်း အားပြိုင်တာပဲလေ။ အဲဒီတော့ သူကလည်း ဒီလိုကမ္ဘာ့ပါလီမန်တွေမှာ ဝင်ဆံ့အောင် လုပ်တဲ့ဟာကတော့ ဒါ သူတို့ဘက်က ကြိုးစားမှုပေါ့။ အဓိကတော့ စစ်နိုင်ဖို့ပဲကွ၊ စစ်နိုင်တဲ့သူ အသာစီးရတဲ့သူ ကမ္ဘာ့နိုင်ငံတွေက တဖြည်းဖြည်း အသိအမှတ်ပြုလာမှာပဲ။ အဲဒါပဲနော်”လို့ ဆိုပါတယ်။
MPU ရဲ့ လုပ်ငန်းတာဝန်တွေထဲမှာတော့ လွှတ်တော်အဖွဲ့နဲ့ နိုင်ငံတကာလွှတ်တော်များအဖွဲ့၊ အာဆီယံပါလီမန်များ ညီလာခံအပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းလွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ဆက်သွယ်ရေးနဲ့ ဆက်ဆံရေးကိစ္စတွေကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
အဲဒီအဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ ပြည်သူတွေ သိရှိစေရေးနဲ့ မြန်မာနိုင်ငံလွှတ်တော်တွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ တိုးတက်မှုတွေကို နိုင်ငံတကာလွှတ်တော်တွေ သိရှိစေရန် ဆောင်ရွက်တာတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် လွှတ်တော်အဖွဲ့ရဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ဝန်ထမ်းတွေရဲ့ စွမ်းရည်မြှင့်တင်ရေးအတွက် ပြည်တွင်း ပြည်ပသင်တန်းတွေ အလုပ်ရုံဆွေးနွေးပွဲတွေ အစည်းအဝေးတွေ ညီလာခံတွေနဲ့ လေ့လာရေးခရီးစဉ်တွေ စေလွှတ်တာတွေလည်း လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းထားတာပါ။
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေပါ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်တာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ လွှတ်တော်ဆိုင်ရာ ဥပဒေတွေနဲ့ မဆန့်ကျင်တဲ့ ဥပဒေပြုခြင်းဆိုင်ရာကိစ္စရပ်တွေ အပါအဝင် ပြည်ထောင်စု၊ တိုင်း ဒါမှမဟုတ် ပြည်နယ်တွေနဲ့ အကျုံးဝင်တဲ့ ကိစ္စရပ်တွေကိုလည်း ညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
MPU ရဲ့ သက်တမ်းကိုတော့ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ဒုတိယနာယက တာဝန်ထမ်းဆောင်မှု သက်တမ်းနဲ့အညီ ပြင်ဆင်ဖွဲ့စည်းရမှာဖြစ်လို့ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ MPU ရဲ့ သက်တမ်းဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ သက်တမ်းနဲ့ အညီ ဖြစ်တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MPU

