မော်လမြိုင် ၊ စက်တင်ဘာ ၁၁
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးမှုကြောင့် ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအများစု ပြတ်လပ်လာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထိုင်းကုန်ပစ္စည်းတွေကို စစ်အစိုးရ လက်အောက်ခံတွေက တရားမဝင် ကုန်ပစ္စည်း အကြောင်းပြချက်နဲ့ မြို့ဝင်၊ မြို့ထွက်တွေမှာ ဖမ်းဆီးတာ၊ ကုန်သွယ်လမ်းကြောင်းတွေမှာ ဖမ်းဆီးတာအပြင် ဂိုဒေါင်တွေနဲ့ဈေးတွေအထိ ရှောင်တခင် ဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။
အခုလို ထိုင်းကုန်ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးမှုတွေ ပြုလုပ်လာတဲ့အတွက် ဈေးကွက်အတွင်း လူသုံးများတဲ့ ထိုင်းကုန် ပစ္စည်းတချို့ ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာသလို လက်ကျန် ပစ္စည်းတွေကလည်း ဈေးနှုန်းအဆမတန် မြင့်တက်လာပါတယ်။
ကုန်သည် တစ်ဦးကတော့ ထိုင်းကုန်ပစ္စည်းတွေကို စစ်အစိုးရ လက်အောက်ခံတွေက အသီးအနှံတွေကအစ ဖမ်းဆီးနေတာ ဖြစ်ပြီး အခုလို ဖမ်းဆီးတဲ့အတွက် ထိုင်းကုန်ပစ္စည်းအားလုံး လိုလို ပြတ်လပ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ယိုးဒယား ပစ္စည်းကတော့ အားလုံး လိုလို ပြတ်နေပါတယ်။ ဘာမှ မဝင်ဘူး။အသီးအနှံကစပြီးတော့ ကျွန်တော်တို့ လူသုံးကုန်ပစ္စည်း အလှကုန် ဘာညာ အကုန်ပေါ့။ အရင်က ဝင်ထားတဲ့ လက်ကျန်တွေလောက်ပဲရှိမှာပေါ့။ ပထမ ရေကြီးလို့ တစ်ခါ ဝင်လို့ မရလို့ ပြတ်တာရယ်၊ အခုတခါ ဖမ်းတာရယ်ဆိုတော့ ဈေးထဲမှာ ပစ္စည်းတွေက မရှိတော့ဘူးပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် ဈေးကွက်အတွင်းမှာ ထိုင်းကုန် ပစ္စည်းတွေ ပြတ်လပ်လာတဲ့အတွက် ထိုင်းကုန်ပစ္စည်း လက်ကျန်ရှိသူတွေအနေနဲ့ ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး ဈေးတင် ရောင်းချတာ ရှိသလို ပစ္စည်း လက်ကျန် မရှိတဲ့ ဆိုင်တွေကတော့ ပိတ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
မွန်ဒေသခံ ပြည်သူတစ်ဦးကတော့ ထိုင်းကုန်ပစ္စည်းတွေ ဖမ်းဆီးနေတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေပဲ နစ်နာနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့က ဒီလိုမျိုး လုပ်လိုက်တဲ့ အခါကျတော့ အရင်တုန်းက ဆိုလိုရှိရင် ကျွန်တော်တို့ ဆီတစ်ဗူးကို ၆၀၀၀ လောက်နဲ့ ဆိုလို့ရှိရင် အခု အဖမ်းအဆီးတွေ များတော့ ဆီတစ်ဗူးကို ၁၀၀၀၀ ကျော်တို့ တက်သွားတာ။ ကျွန်တော်တို့ ပြည်သူတွေ နစ်နာတာပေါ့”လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်အစိုးရ လက်အောက်ခံတွေဟာ ထိုင်းကုန် ပစ္စည်းတွေကို လူသုံးကုန်၊ အလှကုန်တွေအပြင် အသီးအနှံတွေကအစ တရားမဝင် ကုန်ပစ္စည်း ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်တိုက်ဆိုသလို ဖမ်းဆီး နေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းမှာ ထိုင်းကုန် ပစ္စည်း တင်ဆောင်လာတဲ့ ကားအစီး ၆၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီး ထိုင်းကုန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့တဲ့အပြင် ယာဉ်မောင်းတွေကိုပါ ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
အခုလို စစ်အစိုးရ လက်အောက်ခံတွေက ထိုင်းကုန်ပစ္စည်းတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတဲ့အတွက် ယာဉ်မောင်း အများစု ထိုင်းကုန်ပစ္စည်း တွေကို မတင်ဆောင်ရဲတော့တာကြောင့် ဈေးကွက်အတွင်း ထိုင်းကုန် ပစ္စည်း သိသိသာသာ ပြတ်လပ်လာတာပါ။
မွန်ပြည်နယ်ဟာ ထိုင်းနိုင်ငံကနေ တင်သွင်းတဲ့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပြင် အထွေထွေသုံး ကုန်ပစ္စည်းတွေကိုပါ အဓိက အသုံးပြုနေရတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

