လောင်းလုံး၊ စက်တင်ဘာ ၁၁

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်တပ် စစ်ကြောင်းက အရပ်သားပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အင်အား ၁၂၀ ကျော်ပါတဲ့ အာဏာသိမ်း စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကစလို့ လောင်းလုံးမြို့ပေါ်ကနေတဆင့် ဝေဒီ၊ ကူးဇရပ်၊ မဂျောမော်နဲ့ သဗျာကျေးရွာတို့ကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၁၀ ရက်နေ့က ဝေဒီကျေးရွာကနေ စစ်ကြောင်း ပြန်ဆုတ်စဉ်မှာ လမ်းမှာတွေ့တဲ့ အသက် ၉၀ အရွယ် အဘိုးအိုတစ်ဦးနဲ့ အရပ်သားပြည်သူ ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတာ ဖြစ်ပါတယ်။

သတ်ဖြတ်ခံရသူတွေက ဝေဒီ၊ မဂျောမော်နဲ့ကူးဇရပ်ရွာခံတွေဖြစ်တဲ့ အသက် ၂၀ ကနေ ၃၀ကြားရှိတဲ့ အမျိုးသမီး တစ်ဦးနဲ့အမျိုးသား သုံးဦး၊ အသက် ၉၀ ကျော်အရွယ် အမျိုးသား တစ်ဦး၊ စုစုပေါင်း ၅ ဦးကို သတ်ဖြတ်သွားတာပါ။

အသတ်ခံရတဲ့ အသက် ၉၀ အရွှယ် ကူးဇရပ်ရွာနေ အဘိုးအို ဦးဖေအေးဟာ စစ်တပ်က နေအိမ်ကို မီးရှို့ဖို့လုပ်စဉ် မီးမရှို့ဖို့ သွားရောက်ပြောဆိုရာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်သွားတာလို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၉ ရက်နေ့က ဝေဒီကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာမှုအပေါ် ဒေသခံပြည်သူတွေကို ရန်ငြိုးထားပြီး သတ်ဖြတ်တာလို့ ဆိုပါတယ်။

ဝေဒီကျေးရွာ တိုက်ပွဲမှာ စစ်တပ်ဘက်က အနည်းဆုံး ၄ ဦးထက်မနည်း သေဆုံးထားပြီး စစ်သားအလောင်းတချို့ကို ဒီအတိုင်းပဲ ပစ်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

လောင်းလုံးမြို့နယ်မှာ အာဏာသိမ်း စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်တပ် စစ်ကြောင်းဟာ လောင်းလုံးမြို့နယ် သဗျာကျေးရွာဘက်မှာ ဆက်ရှိနေတာကြောင့် စစ်ကြောင်းနဲ့မတိုးအောင် တိမ်းရှောင်ကြဖို့ ဒေသခံပြည်သူတွေ အချင်းအချင်း တိုက်တွန်းတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.