မော်လမြိုင်၊ စက်တင်ဘာ ၁၀
မွန်ပြည်နယ်မှာ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က ထိုင်းကုန်ပစ္စည်းတွေကို ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့ဖမ်းဆီးနေတဲ့အတွက် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထိုးတက်လာတယ်လို့ ကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ စက်တင်ဘာလဆန်ပိုင်းကစလို့ နယ်စပ်က ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်ပစ္စည်းအကြောင်းပြချက်နဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေအပါအဝင် စစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့ဖမ်းဆီးနေတာပါ။
စစ်အစိုးရရဲ့ ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းတွေ စတင်ပြတ်လပ်လာပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်လာတာ ဖြစ်ပါတယ်။
ထိုင်းကုန်ပစ္စည်းတွေ ဖမ်းဆီးတဲ့ တစ်ပတ်အတွင်း ကုန်ပစ္စည်းတွေဟာ အမျိုးအစားအပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၂၀၀၀ ကနေ ကျပ် ၁၀၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ထိုင်းကုန်ပစ္စည်း ဖမ်းဆီးမှုဟာ ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ ဌာနဆိုင်ရာအဖွဲ့တွေ အချင်းချင်း အဝေအစား မတည့်တာကြောင့်လို့ ဆိုပါတယ်။
ကုန်သည်တစ်ဦးကတော့ စစ်အစိုးရရဲ့ ထိုင်းကုန်ပစ္စည်း အဖမ်းအဆီးကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်ဒဏ်ကို ပြည်သူတွေသာ ခံစားနေရမှာ ဖြစ်ပြီး ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်း လုံးဝပြတ်လပ်သွားနိုင်တယ်လို့ ပြောပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း ကျိုက်မရော-မော်လမြိုင်ကားလမ်းရှိ ကြက်သွန်ကုန်းနဲ့ နတ်စမ်းကျေးရွာကြားမှာ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားအစီးရေ ၆၀ နီးပါးကို ပိတ်ဆို့ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တွေမှာလည်း ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ယာဉ်မှန်သမျှကို ဖမ်းဆီးပြီး ပစ္စည်းရော ကားပါ တစ်ခါတည်း သိမ်းဆည်းတာတွေ လုပ်ဆောင်နေပါတယ်။
တဖက်မှာလည်း စစ်တပ်နဲ့ဌာနဆိုင်ရာ အကြီးအကဲတွေဟာ ထိုင်းကုန်ပစ္စည်းတွေကို သူတို့ကိုယ်တိုင် တရားမဝင် သယ်ဆောင်ပြီး လစဉ် ငွေကျပ် သိန်းထောင်နဲ့ချီ ဝင်ငွေရရှိနေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်ဟာ ထိုင်းနိုင်ငံကနေ တင်သွင်းတဲ့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေအပြင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို အဓိက အသုံးပြုနေရတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

